ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
ရှမ်းမြောက်၊ လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲပြီးနောက် ကိုးကန့်တပ် MNDAA နှင့် စစ်ကော်မရှင်တို့ တပ်ဖွဲ့ဝင်အင်အားများတိုးချကာ စစ်ရေးပြင်ဆင်မှုများပြုလုပ်လာကြောင်း သိရသည်။
လားရှိုးမြို့ ရပ်ကွက် (၁၁) အတွင်း ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်က ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲပြီးနောက် စစ်ကော်မရှင်က ယင်းတို့ တပ်စွဲနေရာယူထားရာ စခန်းများတွင် စစ်အင်အားများ တိုးချဲ့ချထားခဲ့ပြီး ကာကင်းစခန်းများကိုပါ ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“ရှော့တိုက်ဒုံးကျလို့ MNDAA ကို လားရှိုးမြို့အတွင်းက နှင်ထုတ်မယ်လို့ သတင်းထွက်နေတာ။ စစ်ပြင် ဆင်တာကတော့ အဲဒီမတိုင်ခင် အရင်ရက်ကတည်းက ပြင်ဆင်နေတာ”ဟု သတင်းရင်းမြစ်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်က ရှော့တိုက်ဒုံးပစ်ခတ်သည့် ဖြစ်စဥ်ကို MNDAA ပြုလုပ်သည်ဟု ယူဆ၍ အင်အားတိုးချလာခြင်းဖြစ်ပြီး MNDAA တပ်များဘက်မှလည်း လားရှိုးမြို့နယ်အတွင်းကျေးရွာများနှင့် သီပေါအထွက်လမ်းတို့တွင် အင်အားများခေါ်ယူ စောင့်ကြပ်ခိုင်းမှုများရှိကြောင်း သိရသည်။
MNDAA သည် စစ်ကော်မရှင်လက်ထဲသို့ လားရှိုးမြို့ကို ထည့်ပေးခဲ့ရသော်လည်း မြို့ပေါ် ၁၂ ရပ်ကွက်တွင်သာ စစ်ကော်မရှင်ကို စီမံခွင့်ပေး၍ ကျန်သည့် ကျေးရွာအုပ်စု ၇၀ ကျော်ကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ် ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ယခုဖေဖော်ဝါရီ ဒုတိယပတ်မှစကာ လားရှိုးမြို့ပေါ်ရပ်ကွက်များအတွင်း ဧည့်စာရင်းစစ်ဆေး၍ ဂိတ်များတွင်လည်း ကင်းပုန်းများ ချထားသည်အထိ လုံခြုံရေးတင်းကျပ် လိုက်ကြောင်း သိရသည်။
စစ်ကော်မရှင်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက် မတိုင်ခင်ကတည်းက စစ်ကူအင်အား ရာချီ တင်ဆောင်လာသည့် စစ်ယာဉ်တန်းများကို လားရှိုးမြို့နှင့် အနီးပတ်ဝန်းကျင်သို့ ခေါ်သွင်းလာခြင်း ဖြစ်သည်။
ပုံစာ-လားရှိုမြို့ပေါ်တွှု် ကိုးကန့် MNDAA တပ်များ တပ်စွဲထားစဉ်(ပုံဟောင်း)