ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
ပဲခူးတိုင်း(အရှေ့ခြမ်)၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ ညောင်လေးပင်၊ ကျောက်ကြီး၊ မုန်း စသည့် ဒေသများကို စစ်ကော်မရှင်က နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်ခြင်းများပြုလုပ်နေသည်မှာ ၁၀ ရက်ဝန်းကျင် ရှိနေပြီဖြစ်ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပျဉ်ရေကြီးရွာစာသင်ကျောင်း နှင့် ဒေသခံ နေအိမ်များသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကော်မရှင်က ဂျက်ဖိုက်တာ နှစ် စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလူပ်ခဲ့ကြောင်း သိရသည်။

“အဲ့ဘက်ခြမ်းကတောက်လျှောက်ပဲ လေယာဉ်တွေရော ဂျိုင်ယိုကော်ပတာတွေရော ဒရုန်းတွေရော လက်နက်ကြီးတွေရော မြေပြင်မှာဘာမှလည်းထူးခြားမှုမရှိပဲနဲ့ ရွာသားတွေကို လိုက်ကြဲပြီးပစ်နေတာ ရွာသားတွေထိခိုက်သေဆုံးမှုတွေလည်းရှိတယ်။ ညောင်လေးပင်ဘက်ဆို ကိုးရက်လောက်ရှိနေပြီ” ဟု စစ်တောင်းမြစ်ဝှမ်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့က စက်တပ်လေထီးဖြင့် ဇရပ်ခင်ကျေးရွာရှိ ဓမ္မာရုံသို့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း ရွှေကျင်မြို့နယ်၊ ပျဉ်ရေကျေးရွာသို့ ဂျက်ဖိုက်တာ နှစ် စီးဖြင့် ဗုံးသီး လေးလုံးကြဲချခဲ့ရာ မင်းကိုနိုင်(၂၂ နှစ်) သေဆုံးခဲ့ပြီး နေလင်းဦး(၃၀ နှစ်)၊ ထွန်းထွန်းဦး(၄၅ နှစ်)၊ ဦးဆန်းလွင်(၄၆ နှစ်)တို့ ထိခိုက်ဒဏ်ရာရှိခဲ့ပြီး နေအိမ် နှစ်လုံး ပျက်စီးခဲ့သည်။
အလားတူ ဖေဖော်ဝါရီ ၃ ရက်နေ့က မုန်းမြို့၊ သစ်ဖြူဆိပ်ကျေးရွာသို့ ပစ်မှတ်ထားသည့် ဒရုန်းဖြင့်တိုက်ခိုက်မှုဖြစ်စဉ်တွင်လည်း ဦးဇော်ကြီး(၄၈နှစ်)မှာ သေဆုံးခဲ့ရပြီး ဒေါ်သီတာဝင်း (၄၀နှစ်)၊ မပုတိုမ(၁၆နှစ်) နှင့် တစ် လသားအရွယ် ကလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့