ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ရက်
ရခိုင်ပြည်နယ်၊ မြောက်ဦးနှင့် ကျောက်တော်မြို့များရှိ လူနေထူထပ်သည့် အရပ်သားရပ်ကွက်များကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ခုနစ် ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် (ဆီဆိုင်ကွင်းဟောင်းအနီး) အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၉ နာရီ ၁၁ မိနစ်ခန့်တွင် စစ်ကော်မရှင်တပ်က လေကြောင်းမှနေ၍ ပေါင် ၅၀၀ ဗုံး နှစ် လုံးဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကော်မရှင်၏ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ လေးဦး သေဆုံးခဲ့ပြီး နောက်ထပ် ကိုး ဦး မှာပြင်းထန် နှင့် အလတ်စားဒဏ်ရာများ ရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ ဖေဖော်ဝါရီ ၁၃ရက်နေ့တွင်ထုတ်ပြန်သည်။
ထို့အပြင် ည ၉ နာရီ ၂၀ မိနစ်ခန့်တွင်လည်း မြောက်ဦးမြို့၊ အလယ်စျေးရပ်ကွက်ရှိ စစ်ဘေးရှောင်များ ခိုလှုံရာနေရာသို့ လေကြောင်းမှ ဗုံး နှစ် လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦးနှင့် ၎င်း၏ မိဘနှစ်ဦးစလုံး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူ ခုနစ် ဦး ထပ်မံ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက် အအုံများလည်း ပျက်စီးခဲ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့တွင်လည်း သံတွဲမြို့၊ အမှတ် (၃) ရပ်ကွက်ကို စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ကိုးလုံးပျက်စီးဆုံးရှုံးခဲ့ရသည်။
စစ်ကော်မရှင်တပ်သည် ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၌ ဂျက်တိုက်လေယာဉ်များနှင့် ကင်းထောက်လေယာဉ်များကို အင်အားသုံး၍ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင် လျှက်ရှိသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် ရေကြောင်းရန်များကို အထူးသတိရှိကြရန် AA က တိုက်တွန်းနှိုးဆော်ထားသည်။
ဓာတ်ပုံ- western news
ပုံစာ- ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ