ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံး‌ရှေ့တွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဆန္ဒပြသူလူငယ်များက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲများကိုပြန်ရေတွက်ရန်နှင့် မြို့နယ်အချို့တွင် ရွေးကောက် ပွဲကိုပြန်လည်ကျင်းပရန် တောင်းဆိုမှုများပြုလုပ်ခဲ့သည်။

 

ဆန္ဒပြသူများက ရွေးကောက်ပွဲအတွင်း မသမာမှုများ တွေ့ရှိရသည့်အတွက် အများပြည်သူ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ မဲပြန်ရေတွက်ရန်နှင့် တာဝန်ပျက်ကွက်သည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ကရှုံးနိမ့်မှုကို လက်ခံပေမဲ့ ပွင့်လင်းမြင်သာမှုမရှိတာကိုတော့လက်မခံဘူး” ဟု ဆန္ဒပြအဖွဲ့ခေါင်းဆောင် နိုပါဆင် ထရီရာယာပီဝပ် (Nopasin Treerayapiwat) ကပြောဆိုခဲ့ပြီး ၎င်းတို့ အဖွဲ့ကို မည်သည့်နိုင်ငံရေးပါတီမှ ထောက်ပံ့မှုမရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း ပြည်သူ့ပါတီ (People’s Party) က ချွန်ဘူရီ၊ ဆူရတ်ဌာနီ၊ စမွတ်ပရာကန်၊ တက်ခ်၊ ချင်းမိုင်၊ ချင်းရိုင်၊ ကန်ချနာဘူရီနှင့် ဆာရာဘူရီ စသည့်ခရိုင်များရှိ မဲဆန္ဒနယ် ၁၈ ခုတွင် မဲပြန်လည်ရေတွက်ရန် တရားဝင်တောင်းဆိုထားသည်။

 

ချွန်ဘူရီ မဲဆန္ဒနယ်အမှတ် (၁) ၌ အနိုင်ရရှိခဲ့သည့် ဘွန်ဂျိုင်ထိုင်းပါတီ (Bhumjaithai Party) မှ ကိုယ်စား လှယ်လောင်းကမူ ၎င်းအနေဖြင့် မဲမသမာမှုမလုပ်ကြောင်း သက်သေပြရန်အတွက် မဲပြန်ရေတွက်မည့် အရေးကို ကန့်ကွက်မည်မဟုတ်ကြောင်း ပြောဆိုထားသည်။

 

ချွန်ဘူရီတွင် မဲပြန်ရေတွက်ရန် တောင်းဆိုရခြင်းမှာ အမှိုက်ပုံးများအတွင်း အမှတ်အသားပြုထားသည့် မဲလက်မှတ်များ တွေ့ရှိခြင်းနှင့် မဲပုံးများကို စနစ်တကျ ချိတ်ပိတ်ထားခြင်းမရှိသည့် ဖြစ်စဉ်များ ကြောင့်ဖြစ်ကြောင်း သိရသည်။

 

“မဲတိုင်းဟာ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်စေပြီး အဲ့တာကိုကာကွယ်ရမှာ ကျွန်တော်တို့တာဝန်ပဲ” ဟု People’s Party က ထုတ်ပြန်ထားသည်။

 

ရွေးကောက်ပွဲအပြီးတွင် မဲပုံးများပျောက်ဆုံးခြင်း၊ မဲရေတွက်နေစဉ် မီးပျက်သွားခြင်းနှင့် မဲအရေအတွက် ကွာခြားခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ထိုင်းလူမှုကွန်ရက်အသုံးပြုသူများက ဝေဖန်ပြောဆိုနေကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ကိုးကား – Bangkok Post