ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းသုံးကို AAနှင့်ဧရာဝတီ တော်လှန်ရေးအဖွဲ့များ သိမ်းယူလိုက်သည့်အတွက် စစ်ကော်မရှင်အရာရှိများ ဖမ်းဆီးစစ်ဆေးခံနေရကြောင်း သိရသည်။
သာပေါင်းရှိ သစ်ဝမ်းပူ၊ သဲဖြူ၊ မရမ်းကျင်းစသည့်ကျေးရွာများရှီရာ သာပေါင်း-သဲဖြူ- မကျည်းဇင်လမ်းရှိ စစ်ကော်မရှင် တပ်စခန်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ရက်မှစကာ AAက သိမ်းပိုက်လိုက်သည့်အတွက် သာပေါင်းမှ တပ်ရင်းမှူးနှင့် စစ်ဗျူဟာမှူးတို့ကို စစ်ကော်မရှင်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သိရသည်။
”ဗန်းမော်စစ်ရေးကြောင့် ဒုတိုင်းမှူးဆန်ပြုတ်သောက်နေရတဲ့အခြေအနေလည်းရှိထားတော့ နတခ ဒုတိုင်းမှူးက တပ်ရင်းမှူးတွေကို အမြန်ဆွဲလိုက်ပုံရပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သာပေါင်း ခလရ ၃၀၈မှ တပ်ရင်းမှူးနှင့် စစ်ဗျူဟာ ကွပ်ကဲရေးမှူးနှင့်အဖွဲ့ကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးနှင့်အဖွဲ့က ဖေဖော်ဝါရီ ၂ရက်နေ့တွင် ပုသိမ်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
အနောက်တောင်တိုင်းစစ်ဌာနချုပ် နတခအတွင်းဖမ်းဆီးထားသော တပ်ရင်းမှူးနှင့်အဖွဲ့ကို တိုင်းမှူးကိုယ်တိုင်စစ်ဆေး စုံစမ်းနေသည်ဟု သတင်းရင်းမြစ်များကပြောသည်။
စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တက်ခိုင်းကာ တိုက်ပွဲဖော်ဆောင်နေသည့် သာပေါင်းတိုက်ပွဲတွင် စစ်ကော်မရှင်ဘက်မှ အထိနာ သေဆုံးမှုများနေသည်။
သေဆုံးစစ်ကော်မရှင်ရုပ်အလောင်းများကို ညအချိန်တွင် ပုသိမ်သို့ပြန်သယ်ပြီး တိတ်တဆိတ် သဂြိုဟ်ရသည်အထိ စစ်ကော်မရှင်က သတင်းဖုံးဖိနေသည်။
စစ်ရှုံးရမှုကို အထက်အောက် အပြစ်ပေးသည့်အနေဖြင့် ခလရ ၃၀၈မှ တပ်ရင်းမှူးနှင့် စစ်ဗျူဟာမှူးတို့ကို ဖိအားပေး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။