ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ရက်
ဧရာဝတီတိုင်းအတွင်း စစ်ရှုံးမှုများနှင့် နေ့စဉ်ရင်ဆိုင်နေရသော စစ်ကော်မရှင်သည် ၎င်းတို့၏ တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းနေသည့် PDF ၁၆ ဦး လက်နက်ချ ဝင်ရောက်လာသည် ဟုဆိုကာ ပုသိမ်မြို့၌ ဂုဏ်ပြုပွဲပြုလုပ်၍ ဝါဒဖြန့်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) ဧရာဝတီခန်းမတွင် စစ်ကော် မရှင်ခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်၊ နတခ တိုင်းမှူးတို့ဦးစီးပြီး ၎င်းတို့ထံလက်နက်ချ ဝင်ရောက်လာသည့် PDF ၁၆ ဦးကို ယမန်နေ့ ဖေဖော်ဝါရီ ၁၁ရက်နေ့က ဂုဏ်ပြုခဲ့ကြောင်း စစ်ကော်မရှင်ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
စစ်ကော်မရှင်၏ အဆိုပါလုပ်ရပ်နှင့်ပတ်သက်၍ ”မကြားမိပါ။ ဝါဒဖြန့်တာနေမှာပါ” ဟု ဒီမိုကရေစီ အရပ်သားအစိုးရလက်ထက် ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်ထံ လက်နက်ချ ဝင်ရောက်လာသူများမှာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်နှင့် ဧရာဝတီတိုင်း၊ လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူနှင့် ပုသိမ်တို့မှ PDF ၁၆ဦး ဖြစ်သည်ဟု ဖော်ပြထားသည်။
မောင်းပြန်ရိုင်ဖယ် နှစ် လက်၊ လက်ပစ်ဗုံး လေးလုံးတို့နှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် အတွက် သေနတ်တစ်လက်လျှင် သိန်း၅၀၊ ဗုံးတစ်လုံး ၃သိန်း၊ လူတစ်ဦး ၃သိန်းကျပ်စီ ပေးအပ်ခဲ့ပြီး မိဘများထံအပ်နှံခဲ့သည်ဟု စစ်ကော်မရှင် ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြပါရှိသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များမှာ စစ်တပ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်လာ ကြသလိုစစ်တပ်၏ တိုက်စစ်ဆင်မှုကို ခုခံနိုင်ခြင်းမရှိတော့၍ စိတ်ဓာတ်ကျဆင်းကာ ပူးပေါင်းလာခြင်း ဖြစ်ကြောင်း ဆိုထားသည်။
စစ်ကော်မရှင်က ထိုသို့ဝါဒဖြန်ချိမှုများလုပ်ဆောင်နေသော်လည်း ဧရာဝတီတိုင်း ရေကြည်၊ သာပေါင်း၊ လေးမျက်နှာနှင့် အင်္ဂပူရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များမှာ အာရက္ခတပ်တော် (AA) အပါအဝင် ဧရာဝတီ PDF များ၏ တိုက်ခိုက်ချေမှုန်းမှုကို ရင်ဆိုင်နေရပြနီး နေ့စဉ် သေဆုံးနှင့် ဒဏ်ရာရစစ်သားများအပြင် တပ်မှ ထွက် ပြေးသူများလည်း ရှိနေသည်။
အထူးသဖြင့် ရခိုင်ပြည်နယ် ဂွမြို့သို့ စစ်ကြောင်းထိုးနိုင်ရန် ကြိုးပမ်းနေသည့် စစ်ကော်မရှင်သည် သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲများ၌ အထိနာနေပြီး ညအချိန်များတွင် စစ်သားအလောင်းများကို မိုးကာများဖြင့်အုပ်ကာ ပုသိမ်မြို့သို့ ဖောကားများဖြင့် တင်ဆောင်သင်္ဂြိုဟ်နေရကြောင်း သတင်းရင်းမြစ် ထံမှ သိရသည်။
စစ်ကော်မရှင်က စစ်မှုထမ်းတပ်သားသစ်များကို အရေးပေါ် အလုံးအရင်းဖြင့် ရှေ့တန်း စစ်မျက်နှာပြင် ပို့နေရသည့်အတွက် အဆိုပါတပ်သားသစ်များမှာ AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်မှုများ ရှိသည်။
ဓာတ်ပုံ-MOI