ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်
စစ်တပ်အာဏာသိမ်းမှုကြောင့် ကြီးထွားနေသည့် ပြည်တွင်း ခုခံတော်လှန်မှုနှင့် နိုင်ငံတကာ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုများကို ပြည်သူလူထု၏ အားပေးထောက်ခံမှုဖြင့် စွန့်စားကာကွယ်နေ ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အတွက် ပေးပို့သော သဝဏ်လွှာတွင် စစ်ခေါင်းဆောင်က ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ပြည်သူတွေရဲ့ အားပေးထောက်ခံမှုနဲ့ တိုင်းပြည်အပေါ် ကျရောက်လာတဲ့ ပြည်တွင်း၊ ပြည်ပအန္တရာယ် ရန်စွယ်ဟူသမျှကို မျိုးချစ်စိတ်ဓာတ် အရင်းခံပြီး စွန့်လွှတ်စွန့်စားမှုနဲ့ အစွမ်းကုန်ကာကွယ် စောင့်ရှောက် နေတယ်” ဟု စစ်ခေါင်းဆောင်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
ထို့အပြင် ၎င်းတို့အနေဖြင့် နယ်မြေချဲ့ထွင်ရေး တိုက်ပွဲများကို ထိန်းသိမ်းကာကွယ်၍ ကာကွယ်ရေးနှင့် လုံခြုံ ရေးအတွက် ပြည်ပအမှီအခိုကင်းစွာ ပြည်တွင်းအင်အားစုများ အခြေခံကာ ပြည်သူပါဝင်သည့် ခေတ်မီပြည်သူ့ကာကွယ်ရေးစနစ်ကို ကြိုးပမ်းသွားမည်ဟု ဆိုသည်။
စစ်ကော်မရှင်က လက်ရှိတွင် စစ်ရှုံးမှုများနှင့် တပ်အင်အား လျော့နည်းပြုန်းတီးမှုများကို ဖြည့်တင်းရန် အတွက် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမည့် စစ်မှုထမ်း ဥပဒေ၊ ပြည်သူ့စစ် ဖွဲ့စည်းခြင်း စသည်တို့ကိုလုပ်ဆောင်၍ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးကာ အတင်းအဓမ္မ စစ်သားစုဆောင်း လျက်ရှိသည်။
တရုတ်နှင့် ရုရှားအပါအဝင် နိုင်ငံအနည်းငယ်၏ အကူအညီဖြင့် စစ်ရေးအရှိန်မြှင့်ရန် ကြိုးပမ်းနေသော စစ်ခေါင်းဆောင်က ၎င်းတို့၏ စစ်တပ်အနေဖြင့် “ကမ္ဘာတည်သရွေ့ တည်ရှိနေမည်” ဖြစ်ကြောင်းလည်း အဆိုပါသဝဏ်လွှာတွင် ဖော်ပြထားသည်။
ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (EROs) ကို အကြမ်းဖက်အဖွဲ့များအဖြစ် စွပ်စွဲပြောဆိုခဲ့ပြီး ၎င်းတို့ နေ့စဉ်ကျူးလွန်ကာ ဗုံးကြဲသတ်ဖြတ်နေသော အကြမ်းဖက်လုပ်ရပ်များကိုမူ ဖုံးကွယ်ပြောဆိုခဲ့သည်။
လက်ရှိတွင် စစ်ကော်မရှင်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နယ်မြေအမြောက်အမြား လက်လွှတ် ဆုံးရှုံးထားရပြီး ရွေးကောက်ပွဲအတုဖြင့် ထွက်ပေါက်ရှာရန် ကြိုးပမ်းနေသော်လည်း တော်လှန်ရေး အင်အားစုများ၏ ဟန်ချက်ညီ ထိုးစစ်ဆင်မှုများကို ရင်ဆိုင်နေရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်