ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
တနင်္သာရီတိုင်း၊ ပုလောမြို့၊ စစ်ကော်မရှင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်ဖြိုးဟိန်းက လူငယ်များကို ဖမ်းဆီးပြီး လူအစားထိုး ရောင်းစားနေကြောင်း ဖမ်းဆီးခံရသည့် လူငယ်များ၏ မိဘများထံကသိရသည်။
ဗိုလ်မှူး အောင်ဖြိုးဟိန်းမှာ ဖမ်းဆီးထားသည့်လူငယ်များကို ပုလောမြို့နယ်ရဲစခန်းတွင် တရားမဝင် ဖမ်းဆီးချုပ်နှောင်ပြီး လူစားထိုးထည့်ကာ ငွေသိန်းရာချီ၍တောင်းယူ၍ ရောင်းစားနေခြင်းဖြစ်သည်ဟု ဒေသခံများကပြောဆိုသည်။
“စစ်မှုထမ်းဆင့်ခေါ်ခံရသူများထံ ငွေသိန်း ၁၀၀ တောင်းတယ်၊ ပြီးရင် ရဲစခန်းမှာ ဖမ်းဆီးထားသူ ခရီးသွားပြည်သူ လူငယ်လေးတွေကို လူအစားထိုးပြီး ရောင်းစားတာ။ ဌာနဆိုင်ရာတွေက ဝင်ရောက်ညှိနှိုင်းပေးတာကို အောင်ဖြိုးဟိန် အတွေ့မခံဘဲ ပတ်ပြေးနေတော့ သူကြောင့် မျက်နှာတွေပျက်ရတယ်” ဟု စစ်ကော်မရှင်လက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပုလောမြို့နယ်ရဲစခန်းတွင် တရားမဝင် ဖမ်းဆီးချုပ်နှောင်ထားသည့် လူငယ်များကို လူကုန်ကူးဥပဒေအမှုဖြင့် ဗိုလ်မှူးအောင်ဖြိုးဟိန်းက ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့စစ်မှုထမ်းသို့ ယခုလ်ိုလူစားထိုးရောင်းစားကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် ပုလောမြို့အတွင်း ငွေကြေးပြည့်စုံသည့် ဒေသခံများကို အကြောင်းအမျိုးမျိုးပြ ငွေကြေးအဆမတန်တောင်းခြင်းများကို ပြုလုပ်နေပြီး ဒေသခံများက မြို့နယ်စစ်ကော်မရှင်တပ်ထံတိုင်းကြားသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများကပြောသည်။
စစ်တက္ကသိုလ် အပတ်စဉ် ၄၇ (DSA 47) ကျောင်းဆင်း ဗိုလ်မှူး အောင်ဖြိုးဟိန်းမှာ စစ်တွေမြို့၊ ဝန်ထမ်းကွက်(၁)၊ မင်ဂံရပ်ကွက်၊ ရခိုင်ပြည်နယ် ဇာတိဖြစ်ပြီး ပုလောမြို့နယ် စစ်ကော်မရှင်လက်အောက်တွင် တာဝန်ထမ်းနေခြင်းဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်ကပြောဆိုသည်။
ဓာတ်ပုံ- အဓမ္မစုဆောင်းခံထားရသည့် ပြည်သူ့စစ်မှုထမ်းများ(ပုံဟောင်း)