ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်
စစ်ရေးပြင်းထန်နေသည့် ကျောက်ဖြူကို စစ်ကော်မရှင်က ရေကြောင်း၊ လေကြောင်းတို့ကိုသုံး၍ အင်အားဆက်တိုက်ဖြည့်နေရကြောင်း သိရသည်။
ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်ကို ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စစ်ကူအင်အား ၆၀၀ခန့်ကို စစ်ကော်မရှင်က ထပ်မံပို့ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”သစ်ပုတ်တောင်တပ်နဲ့က ဘာမှမဝေးတော့ဘူးလေတိုက်ပွဲတွေကဖြစ်နေတယ်။ စစ်တပ်က လက်လွှတ်ထားရတဲ့ နယ်တွေကို ပြန်လိုချင်လို့ စစ်ကြောင်းထွက်နေပေမယ့် ရေတပ်ကို အဓိကကာကွယ်နေရတယ်” ဟု ကျောက်ဖြူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သစ်ပုတ်တောင်လမ်းကွဲအနီးတွင်တိုက်ပွဲများရှိနေပြီး ရေတပ်ဌာနချုပ်မှနေ၍ ထွက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းများနှင့် AAတို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ရက်နေ့က ဒိုးမတောင်အနီးတိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်၏ အင်အား ၁၀၀ကျော်ပါစစ်ကြောင်း နောက်ဆုတ်သွားပြီး တပ်ဆုတ်သွားရာ လမ်းကြောင်းရှိ ကျေးရွာများကို မီးရှို့သွားကြောင်း သိရသည်။
စိုင်ခြုံဒွိန်ကျေးရွာ အုပ်စုရှိ တောင်းရင်း၊ တောင်ငူ၊ မင်းရကုန်း၊ သရက်ပင်အောက်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားသည်ဟု ဒေသတွင်းသတင်းများကဖော်ပြသည်။
ကျောက်ဖြူမြို့နယ်ရှိ ခြေလျင်၊ ခြေမြန်တပ်ရင်းများ၊ ရေတပ်ဌာနချုပ်နှင့် ရဲတပ်ရင်းများကို စစ်ကော်မရှင်က ပြီးခဲ့သည့် ဒီဇင်ဘာလမှစတင်ကာ အင်အားများဆက်တိုက်ပို့ဆောင်နေခြင်းဖြစ်သည်။ ဇန်နဝါရီ ၃၀ရက်နေ့က ဖောင်တော်ဆိပ်မှနေ၍ ရေတပ်ဌာနချုပ်နှင့် ခလရ၃၄ ကို အင်အား ၄၀၀ပို့ဆောင်ခဲ့သေးသည်။