ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်
တရုတ်နှစ်ကူးပွဲတော်၏ အစဉ်အလာတစ်ခုဖြစ်သော ခြင်္သေ့အကပြိုင်ပွဲများကို ကိုဗစ်-၁၉ ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ အခြေအနေများကြောင့် နှစ်ရှည်ရပ်နားထားခဲ့ရာမှ ယခုနှစ် မြင်းနှစ် တရုတ်နှစ်သစ်ကူးတွင် ပြန်လည်ကျင်းပတော့မည်ဖြစ်ကြောင်း ခြင်္သေ့အကအသင်းများထံမှ သိရသည်။
ယခုနှစ် ၂၀၂၆ ခုနှစ်အတွက် ကျရောက်မည့် တရုတ်နှစ်သစ်ကူးနေ့မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ဖြစ်ပြီး ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ စဉ့်အိုးတန်းလမ်းတွင် ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့၌ ခြင်္သေ့အကပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ရန်ကုန်တရုတ်တန်း၌ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ စတင်ကာ စည်ကားသော ဈေးရောင်းပွဲတော်များကိုလည်း ထည့်သွင်းကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက်နေ့များက ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲတစ်ခု ကျင်းပခဲ့ရာ စစ်ကော်မရှင်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူ ဦးညိုစောနှင့် ဇနီးတို့ တက်ရောက်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားကိုမူ ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့ တက်ရောက်ခဲ့သည်။
ဓာတ်ပုံ – မိုးနဂါး ခြင်္သေ့အဖွဲ့ ၊ လူမှုကွန်ရက်