‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၁၁ ရက်

 

‎ကန့်ဘလူခရိုင်အတွင်းတွင် ပြုလုပ်ခဲ့သော PDF၊ ပကဖ နှင့် EROs(AA) တပ်ဖွဲ့များ၏ စုပေါင်းစစ်ဆင်ရေးလုပ်ဆောင်ချက်များ အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၉၆ ယောက်သေဆုံးခဲ့ကြောင်း သိရသည်။

ကန့်ဘလူခရိုင်အတွင်းရှိ စစ်ရေးဖော်ဆောင်မှုများကို PDF၊ ပကဖ နှင့် EROs(AA) ပူးပေါင်းတပ်ဖွဲ့တို့မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအစတွင် ဖော်ဆောင်ခဲ့ကြသည်ဟု အမှတ်၁စစ်ဒေသက ယနေ့ ဖေဖော်ဝါရီ ၁၁ရက်တွင် ထုတ်ပြန်သည်။

စစ်ကော်မရှင်စခန်း လေးခုဖြစ်သည့် ကန့်ဘလူမြို့နယ်ရှိ ကိုးတောင်ဘို့(ပျူစောထီး)ရွာစခန်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ ပေကြီး(ပျူစောထီး)ရွာစခန်း၊ ငှက်ပျောတိုင်း(ပျူစောထီး)စခန်းနှင့် ကျွန်းလှမြို့နယ်ရှိ အင်တိုင်း(ပျူစောထီး)ရွာစခန်းနှင့် ကောလင်းမြို့မှ ထွက်လာသော လှုပ်ရှားစစ်ကြောင်းတို့ကို တိုက်ခိုက်ခဲ့‌ေကြာင်း ဖော်ပြထားသည်။

တိုက်ပွဲများကို ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးလှုပ်ရှားတပ်မ၊ ကန့်ဘလူခရိုင် ဒရုန်းအဖွဲ့၊ ကန့်ဘလူခရိုင် ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် ပူးပေါင်းအဖွဲ့၊ ကျွန်းလှ၊ တန့်ဆည် ပကဖ၊ အမှတ်၁စစ်ဒေသဒရုန်းတပ်ဖွဲ့၊ လက်နက်ကြီးအဖွဲ့၊ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကောလင်းပကဖ၊ ကောလင်း PDF၊ EROs AAတို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ကိုးတောင်ဘို့ရွာစခန်းရှိ ဗိုလ်ကြီး နောင်သူရ ဦးစီးသည့် ခလရ-၃၀၅ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကို ဇန်နဝါရီလ (၂၈) ရက်နေ့မှ (၃၁) ရက်နေ့အထိ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ပေကြီးရွာစခန်းနှင့် ငှက်ပျောတိုင်းရွာစခန်းရှိ ဒု-ဗိုလ်မှူးကြီး အောင်မျိုးဦး ဦးစီးသည့် စစ်ကော်မရှင်နှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၀၅) ဦးကို ဒီဇင်ဘာလ (၂၀) ရက်နေ့မှ (၂၁) ရက်နေ့အထိ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

အင်တိုင်းရွာရှိ တပ်ကြပ်ကြီး အောင်အောင် ဦးစီးသည့် ခမရ-၃၆၁ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၈၅) ဦးနှင့် ပျူစောထီး ခေါင်းဆောင် ဇော်ကြီး ဦးစီးသည့် ပျူစောထီး အင်အား (၂၃) ဦးရှိ ရွှေပေါ်ကုန်းစခန်းနှင့် Power House စခန်းအား ဒီဇင်ဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ကောလင်းမြို့နယ်၊ သရက်ခုံရွာသို့ စစ်ကြောင်းထိုးလာသော ကောလင်းမြို့မှ စစ်ကြောင်းအားလည်း ပူးပေါင်းအဖွဲ့တို့မှ ဖေဖော်ဝါရီလ (၇) ရက်နေ့မှ (၈) ရက်နေ့အထိ တိုက်ခိုက်ခဲ့ကြသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ (၉၆) ဦး သေဆုံးပြီး (၃၈) ဦး ထိခိုက်ဒဏ်ရာရ၍ စစ်ကော်မရှင်အဖွဲ့ဝင်တစ်ဦးအပါ (၁၀၁) ဦးအား ဖမ်းဆီးရမိခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကော်မရှင်က Jet Fighter/ Y-12 ဖြင့် ဗုံးကြဲသည့်အကြိမ် အရေအတွက်မှာ (၃၇) ကြိမ် ရှိခဲ့ပြီး Gyrocopter ဖြင့် လေးကြိမ်၊ ကာမီကာဇယ် ဒရုန်းဖြင့် လေးကြိမ် တိုက်ခိုက်ခဲ့သည်။

စစ်ကော်မရှင်ထံမှ လက်နက်မျိုးစုံ (၁၈၇) လက်၊ ကျည်မျိုးစုံ (၂၄၆၅၂) တောင့်၊ ဗုံးသီးမျိုးစုံ (၅၃၀) လုံး၊ စစ်သုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများလည်း သိမ်းဆည်းရမိသည်။

ပေကြီးရွာစခန်းနှင့် ငှက်ပျောတိုင်းရွာစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ပြီး အင်တိုင်းရွာစခန်းနှင့် ကိုးတောင်ဘို့ရွာစခန်းအား မိမိတို့ဘက်မှ ဆက်လက် ထိမ်းသိမ်းထားသည်ဟု အမှတ်၁စစ်ဒေသကဖော်ပြသည်။