ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၁၁ ရက်

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ကော်မရှင်၏ ခလရ-၅၈ တပ်ရင်းမှ စစ်ကြောင်းထိုး ထွက်လာသည့် အတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

 

KIA သည် ခလရ-၅၈ ၏ ကာကင်းစခန်းများကို ဆက်တိုက်သိမ်းယူပြီးနောက် ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစ၍ တပ်ရင်းအတွင်းရှိ စစ်ကြောင်းများ အပြင်သို့ ထိုးထွက်လာခြင်းဖြစ်သည်။

 

“ကာကင်းတွေ အသိမ်းခံရတော့ ခလရ-၅၈ ထဲမှာ ရှိနေတဲ့ စစ်နယ်မြေမှူးနဲ့ စစ်ဦးစီးတွေကို တိုင်းမှူးက ကြိမ်းမောင်းတာတွေ ရှိတယ်။ အဲဒါကြောင့် မဖြစ်မနေ စစ်ကြောင်းထွက်ခိုင်းပုံရတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် အဆိုပါတိုက်ပွဲအတွင်း ပစ်ကူပေးနိုင်ရန် ဗလမင်းထင်တံတားအနီး၊ မိုင်းနားကျေးရွာဝန်းကျင်ရှိ မှန်ပြတောင်မှနေ၍ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူတိုက်ခိုက်လျက်ရှိသည်။ မှန်ပြတောင်တွင်လည်း ရေဒါများတပ်ဆင်ထားပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းများကို မှန်းဆကာ လက်နက်ကြီးများဖြင့် အခြေပြုပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

စစ်ကော်မရှင်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ခလရ-၅၈ အနီးမှ အမျိုးသားတစ်ဦးသည် လက်နက်ကြီးစထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

မိုင်းနားရှိ စစ်ကော်မရှင်၏ ကာကင်းခြေကုတ်စခန်းများနှင့် ခလရ-၅၈ ၏ ကာကင်းစခန်းအချို့ကို KIA က သိမ်းယူထားနိုင်ပြီဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မီဒီယာများကို အတည်ပြုဖြေကြားထားသည်။

 

လက်ရှိတွင် ဝိုင်းမော်မြို့အနီးတွင် စစ်ကော်မရှင်ဘက်က လက်နက်ကြီးများ တိုးမြှင့်ပစ်ခတ်နေသဖြင့် စစ်ရေးအခြေအနေမှာ အထူးတင်းမာလျက်ရှိသည်။

ပုံစာ-ဝိုင်းမော်မြို့စောင့်တပ် ခလရ-၅၈ တပ်ရင်း ကိုတွေ့ရစဉ်(ပုံဟောင်း)