ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်

 

အမေရိကန်ပြည်ထောင်စုအတွင်း ရက်ပေါင်း ၁၀၈ ရက်ကြာ၊ မိုင်ပေါင်း ၂,၃၀၀ ကျော် ငြိမ်းချမ်းရေး လမ်းလျှောက်ခဲ့ကြသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ ခရီးစဉ်သည် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် မြို့တော် ဝါရှင်တန်ဒီစီသို့ အောင်မြင်စွာ ရောက်ရှိပြီးဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

တက္ကဆက်ပြည်နယ်မှ ဝါရှင်တန်ဒီစီသို့ သုံးလကျော်ကြာ မြေပြင်လမ်းလျှောက်ခဲ့ကြသည့် အဆိုပါ “Walk for Peace” ခရီးစဉ်သည် အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအကြား ငြိမ်းချမ်းရေး၊ မေတ္တာတရားနှင့် ကရုဏာတရားများ နိုးထလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

“ဘုန်းကြီးတို့လမ်းလျှောက်တာ ဆန္ဒပြတာမဟုတ်ဘူး၊ ဒါပေမဲ့ ဘုန်းကြီးတို့ လူတိုင်းတစ်ဦးချင်း စီမှာရှိနေပြီးသားဖြစ်တဲ့ ငြိမ်းချမ်းရေးကို နိုးထစေဖို့ လမ်းလျှောက်တာဖြစ်တယ်” ဟု အဖွဲ့ဦးဆောင် ဆရာတော် အရှင်ပညာကာရက မိန့်ကြားသည်။

 

ခရီးစဉ်တစ်လျှောက်တွင် နှင်းမုန်တိုင်းကဲ့သို့ ကြမ်းတမ်းသည့် ရာသီဥတုများနှင့် ရင်ဆိုင်ခဲ့ရသလို လမ်းခရီး၌ ယာဉ်တိုက်မှုတစ်ခုကြောင့် ဘုန်းတော်ကြီး နှစ်ပါး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ပါးမှာ ခြေထောက်ဖြတ်ခဲ့ရသော်လည်း ကျန်ရှိသည့် ဆရာတော် ၁၉ ပါးက ခရီးစဉ်ကို ဆုံးခန်းတိုင် ဆက်လက်လျှောက်လှမ်းခဲ့ကြခြင်းဖြစ်သည်။

ဝါရှင်တန်ဒီစီသို့ အဝင်တွင် လူထောင်ပေါင်းများစွာက လမ်းဘေးဝဲယာမှ သောင်းသောင်းဖျဖျ ကြိုဆို ခဲ့ကြပြီး ခရီးစဉ်တစ်လျှောက်တွင်လည်း စောင့်ကြည့်အားပေးသူ လူသန်းနှင့်ချီ ရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် “ငြိမ်းချမ်းရေးခွေးလေး” ဟု လူသိများသည့် အာလောက သည်လည်း ဆရာတော်များနှင့်အတူ နေ့စဉ်နီးပါး လမ်းလျှောက်ပါဝင်ခဲ့ကာ ကျန်းမာရေးအရ ခွဲစိတ်ကုသမှု ခံယူခဲ့ရသော်လည်း ခရီးစဉ် ပြီးဆုံးသည်အထိ အတူလိုက်ပါခဲ့သည်။

 

လက်ရှိတွင် ဆရာတော်များသည် ဝါရှင်တန်ဒီစီရှိ အခြားဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံလျက် ရှိပြီး ခရီးစဉ်စတင်ရာ Fort Worth မြို့သို့ ပြန်လည်ကြွချီရန် စီစဉ်ထားကြောင်း သိရသည်။

 

ကိုးကား – Reuters