ကျော်လင်း/ဧရာဝတီတိုင်းမ်
ဖျာပုံ၊ ဇွန်လ ၂၉ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ သမိန်ထောကုန်းတန်းနှင့်သမိန်ထောသိမ်ကုန်းကျေးရွာ ၂ ရွာရှိ လမ်းမကြီးကို ချဲ့ထွင်မည်ဟုဆိုကာ အဆိုပါလမ်းမကြီးတလျှောက်ရှိ နေအိမ်များကို ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါရွာများသည် ရှေးဟောင်းမွန်ရွာများဖြစ်ပြီး ရွာတည်ကာလ နှစ် ၅၀၀ ဝန်းကျင်ရှိပြီဖြစ်ကာ ဖျက် သိမ်းခိုင်းသည့်နေအိမ်များတွင် နှစ် ၁၀၀ ကျော်ကာလရှိ အဆောက်အဦများပါ ပါဝင်နေသည်ဟုဆိုသည်။
လက်ရှိအဆိုပါရွာ ၂ ရွာ ကားလမ်းမသည် ပေ ၆၀ ကတ္တရာလမ်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံလမ်းဦးစီးဌာနက လမ်းချဲ့ထွင်မည်ဟုဆိုကာ လမ်းမကြီးတဖက် ပေ ၅၀ နှင့်မလွတ်သည့်အဆောက်အဦးများကိုဖယ်ရှားခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။
” ဒီရွာတွေကရှေးဟောင်းရွာတွေပါ။ အရင်က ပေ ၂၀ မြေသားလမ်းလေး။ အဲ့ဒီကနေကျနော်တို့ကိုယ် ထူကိုယ်ထနဲ့ ပေ ၆၀ ကတ္တရာခင်းထားတာ။ ခုကထပ်ချဲ့မယ်ဆိုပြီး နေ အိမ်တွေကိုအတင်းလက် မှတ်ထိုးခိုင်းပြီးဖယ်ခိုင်းနေတာ။ သူတို့ဖယ်ခိုင်းတဲ့ထဲမှာ နှစ်ရာကျော်အိမ်တွေ၊အဆောက်အဦတွေပါတယ်” ဟု ဖျာပုံဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။
စစ်ကောင်စီက အဆိုပါလမ်းနှင့်မလွတ်ဟုဆိုကာ ပယ် ဖျက်ခိုင်းသည့်အဆောက်အဦးများတွင် ဘုန်း ကြီးကျောင်း ၂ ကျောင်းအပါ နေအိမ် ၂၀၇ လုံးကို ဖယ်ရှားခိုင်းနေသဖြင့် ဒေသခံများစိုးရိမ်နေရကြောင်းသိရသည်။
အဆိုပါလမ်းမသည် သမိန်ထောမွန်ရွာ ၂ ရွာမှ ကျုံကဒွန်း- ဖျာပုံမြို့သို့ဆက်သွယ်ထားသောလမ်းဖြစ်ပြီး စစ်ကောင်စီကလမ်းချဲ့ထွင်မည်ဟုဆိုကာ ဖယ်ရှားခိုင်းနေခြင်းဖြစ်ကြောင်းသိရသည်။
သမိန်ထောကုန်းတန်းကျေးရွာစတင်တည်ထောင်ခဲ့သည် မှာ ယခုနှစ် (၁၃၈၄)ခုနှစ်တွင်နှစ်ပေါင်း (၄၇၂)နှစ် ရှိပြီဖြစ်ကြောင်း သမိုင်းကျောက်စာ အထောက်အထားများအရသိရသည်။