ဧရာဝတီတိုင်းမ်
ဇွန်လ ၂၉ ရက်
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက မြောက်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်ပြီး အန္တရာယ်ပြုမယ့်လက္ခဏာရှိပြီး အာရှတိုက်ပုံစံ နေတိုးအဖွဲ့တစ်ခု ဖွဲ့စည်းမယ့် အန္တရာယ်ရှိတဲ့ အ တိတ်နိမိတ်တစ်ခုဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေက နေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲကို ပထမဆုံးအကြိမ်အဖြစ် လေ့လာသူအဖြစ် တက်ရောက်ဖို့ နာရီပိုင်းအလိုမှာ KCNA ရဲ့ သတင်းဖော်ပြမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေက ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးသော သုံးနိုင်ငံ ထိပ်သီး ဆွေးနွေးမှုအဖြစ် မြောက်ကိုရီးယားအရေး ဆွေးနွေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါ တယ်။ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေက Pacific Dragon လို့ခေါ်တဲ့ စုပေါင်းဒုံးပစ်လေ့ကျင့်မှု ကို သြဂုတ်လအတွင်း ဟာဝိုင်အီကျွန်းအနီးမှာ ပြုလုပ်မှာဖြစ်ပါတယ်။
“အာရှ-ပစိဖိတ်နိုင်ငံတွေရဲ့ လုံခြုံရေးလိုအပ်ချက်နဲ့ စိုးရိမ်မှုတွေကို ဂရုမစိုက်ဘဲ အမေရိကန်နိုင်ငံက လက်ကိုင်တုပ်တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်” လို့ KCNA က ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည်အပါအဝင် ဒီနှစ်အတွင်း စံချိန်တင် ဒုံးကျည်စမ်းသပ်မှု တွေ ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားစမ်းသပ်မှုတစ်ခု ပြုလုပ်ဖို့ စီစဉ် နေတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားနဲ့ဂျပန်တို့က အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်ပေမယ့် ဂျပန်က ၁၉၁၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အတွင်း တောင်ကိုရီးယားကို ကျူးကျော်တိုက်ခိုက်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကိုရင်ဆိုင်ဖို့နဲ့ တရုတ်နိုင်ငံရဲ့သြဇာကိုတန်ပြန်ရာမှာ ပူးပေါင်း ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံက တောင်ကိုရီးယားနဲ့ဂျပန်ကို တွန်းအားပေးခဲ့ပါတယ်။
ကိုးကား – VOA
Ref; Cooperation by US, Allies Step Toward ‘Asian NATO,’ North Korea Media Says