နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မဲမသမာမှု အကြောင်းပြချက်ဖြင့် အရပ်သား အစိုးရထံမှ အာဏာသိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းနှင့် မှတ်တမ်းစာရွက်စာတမ်း များကို ယခုရက်ပိုင်းအတွင်း မီးရှို့ဖျောက်ဖျက်နေကြောင်း သိရသည်။
စစ်ကော်မရှင်သည် ၎င်းတို့တစ်ဖက်သတ် ပြုလုပ်ခဲ့သော ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများမှာ သတ်မှတ်ကာလ ကျော်လွန်သွားပြီဟု အကြောင်းပြ၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် စတင်မီးရှို့နေခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲသည် ပြည်သူလူထု တခဲနက် ဆန္ဒမဲပေးခဲ့သော တရားမျှတသည့် ရွေးကောက်ပွဲဖြစ်၍ အစိုးရအမည်ခံ စစ်ကော်မရှင်အနေဖြင့် ယခုကဲ့သို့ ဖျက်ဆီးပိုင်ခွင့်မရှိကြောင်း ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌဟောင်း ဦးမောင်မောင်က ပြောကြားသည်။

“အခုလို ဖျက်ဆီးမီးရှို့တာဟာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေအရ ဘယ်လိုမှ တရားမဝင်ဘူး။ ယုတ်မာကောက်ကျစ်စွာနဲ့ အမှန်တရား ကွယ်ပျောက်သွားအောင် လုပ်တာလို့ မြင်မိတယ်” ဟု UEC ဥက္ကဋ္ဌဟောင်း ဦးမောင်မောင် ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ အသုံးပြုခဲ့သော မဲစာရင်းများ၊ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲ ဆိုင်ရာ စာရွက်စာတမ်းများနှင့် မှတ်တမ်းများကို စစ်ကော်မရှင်က ဘုတ်အဖွဲ့ ဖွဲစည်း၍ ရန်ကုန်တိုင်းအတွင်း စတင်မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။
အဆိုပါ မီးရှို့ဖျက်ဆီးရေးအတွက် စစ်ကော်မရှင်က မြို့နယ် UEC အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး အပါအဝင် အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ဘုတ်အဖွဲ့များကို မြို့နယ်အလိုက် ဖွဲ့စည်း၍ ဆောင်ရွက်နေခြင်း ဖြစ်သည်။
NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်ကမူ စစ်ကော်မရှင်အနေဖြင့် သက်သေ အထောက် အထားများကို မီးရှို့ဖျက်ဆီးရုံဖြင့် သမိုင်းကို ဖျောက်ဖျက်၍ ရလိမ့်မည်မဟုတ်ကြောင်း တုံ့ပြန်သည်။

“ဒါတွေက တစ်ချိန်ကျရင် ပေါ်ပေါက်လာမှာပါ။ ဒီအမှားတွေကို ကျူးလွန်ခဲ့တဲ့သူတွေကို မဖြစ်မနေ ပြစ်ဒဏ်ပေးနိုင်ဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်အုပ်စုသည် အာဏာသိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲအား ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် မညီညွတ်၍ တရားမျှတမှု မရှိဟုဆိုကာ ရလဒ်ကို ပယ်ဖျက်ခဲ့ပြီး ၎င်းတို့၏ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲအတုဖြင့် အစားထိုးကာ အာဏာတည်မြဲရေး ကြိုးပမ်းနေခြင်းဖြစ်သည်။
ဥပဒေအရ ရွေးကောက်ပွဲတစ်ခုပြီးလျှင် ယခင်မှတ်တမ်းများကို ဖျက်ဆီးလေ့ရှိသော်လည်း၊ အငြင်းပွား ဖွယ်ရာ အာဏာသိမ်းမှု၏ အခြေခံအကြောင်းရင်းဖြစ်သော ၂၀၂၀ မှတ်တမ်းများကို ဖျက်ဆီးခြင်းမှာ သက်သေဖျောက်ခြင်းသာ ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ် လေ့လာသူများက ထောက်ပြကြသည်။
“တရားမဝင် အစိုးရအတု၊ ၂၀၂၅ ရွေးကောက်ပွဲအတုက ဘယ်လိုပဲ လုပ်လုပ် အစစ်ကိုတော့ လွှမ်းမိုးချုပ်ကိုင်လို့ မရနိုင်ဘူး။ တရားဝင်တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို မဲဆန္ဒမဲ ပေးခဲ့သူတွေက သက်သေအဖြစ် ရှိနေပါတယ်” ဟု UEC ဥက္ကဋ္ဌဟောင်း ဦးမောင်မောင်က ဆက်လက်ပြောသည်။
စစ်ခေါင်းဆောင်သည် ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဟုတ်မမှန် စွပ်စွဲချက်များကို Website နှင့် Mobile Application များတွင် ဘာသာစကား ၅ မျိုးဖြင့် ထုတ်လွှင့်ကာ နိုင်ငံတကာကို ဝါဒဖြန့်မှုများ လည်း လုပ်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ- MOI