ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်
အီရန်အစိုးရဟာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေကို နှိမ်နင်းပြီးနောက် တနင်္လာနေ့မှာ အတိုက်အခံတွေကို ဖမ်းဆီးမှုတွေ တိုးမြှင့်လုပ်ဆောင်လာပေမယ့် တစ်ဖက်မှာလည်း အမေရိကန်နိုင်ငံနဲ့ နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လမ်းဖွင့်ထားဆဲဖြစ်ပါတယ်။
အိုမန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အီရန်နဲ့ အမေရိကန် တာဝန်ရှိသူတွေကြား ဆွေးနွေးမှုမှာ အပြုသဘော ဆောင်ကြောင်း နှစ်ဖက်စလုံးက ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပင် အဓိက ပြုပြင် ပြောင်းလဲရေးဝါဒီ ညွန့်ပေါင်းအဖွဲ့ရဲ့
ပြောရေးဆိုခွင့်ရှိသူ ဂျာဗတ်အီမန် အပါအဝင် အတိုက်အခံတွေကို ဖမ်းဆီးမှုများ ပေါ်ပေါက်လာတာပါ။
အီရန်အစိုးရဟာ စနေနေ့မှာ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် နာဂစ် မိုဟမ်မာဒီအား ထောင်ဒဏ်ထပ်မံ တိုးမြှင့်ချမှတ်ခဲ့ပြီး တနင်္လာနေ့မှာ ထင်ရှားသော အတိုက်အခံခေါင်းဆောင် မဟ်ဒီကာရူဘီရဲ့ သားဖြစ်သူ ဟူစိန်ကာရူဘီကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေးနောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေ ကို နှိမ်နင်းပြီး သီတင်းပတ် အနည်းငယ်အကြာတွင် အီရန်အစိုးရက နည်းလမ်းနှစ်သွယ်နဲ့ ကိုင်တွယ်လာ ခြင်းဖြစ်ပါတယ်။
တော်လှန်ရေးအစောင့်တပ် ပြုပြင်ပြောင်းလဲရေးဝါဒီ ရှေ့တန်းညွန့်ပေါင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိ သူ အီမန်ကို ဖမ်းဆီးခဲ့ကြောင်း အဆိုပါအဖွဲ့က တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။
အီမန်ဟာ အဆိုပါအဖွဲ့မှ ဖမ်းဆီးခံရသူ ငါးဦးမြောက် ပုဂ္ဂိုလ်ဖြစ်ပြီး ဆန္ဒပြပွဲ ထောက်ခံချက်စာ လွှာမှာ လက်မှတ်ရေးထိုးခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ရုပ်ရှင်ဖန်တီးသူတွေလည်း ဖမ်းဆီးခံထားရပါ တယ်။
အီရန်အစိုးရကမူ အဆိုပါ ဆန္ဒပြပွဲတွေကို ၎င်းတို့၏ ရန်သူတော်တွေဖြစ်တဲ့ အစ္စရေးနဲ့ အမေရိကန် တို့က လှုံ့ဆော်ခဲ့တဲ့ အဓိကရုဏ်းတွေအဖြစ် ပြောဆိုထားပါတယ်။
အီရန်အာဏာပိုင်တွေဟာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၃,၁၁၇ ဦး သေဆုံးခဲ့ကြောင်း ပထမဆုံးအကြိမ် တရားဝင် ဝန်ခံပြောကြားခဲ့ပြီး သေဆုံးသူ ၂,၉၈၆ ဉီးရဲ့ အမည်စာရင်း ကို ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်အခြေစိုက် အီရန်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ (HRANA) ကမူ သေ ဆုံးသူ ၆,၉၆၄ ဦးရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး အဆိုပါသေဆုံးသူ အများစုမှာ ဆန္ဒပြသူများဖြစ်တယ်လို့ ပြောပါတယ်။
ကိုးကား – AFP
Ref; Iran escalates crackdown on protesters amid potential US nuclear talks