‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၁၁ရက်

စစ်ကိုင်းတိုင်း၊ ကောလင်း၊ ကန့်ဘလူအစပ်ရှိ အာရက္ခတပ်တော် (‎AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ကိုးတောင်ဘို့စခန်းကို ပြန်သိမ်းရန်တက်လာသည့် စစ်ကော်မရှင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ပျက်သွားကြောင်း သိရသည်။

ကောလင်းမြို့နယ်ထဲတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ရက်နေ့က ‎အင်အား ၂၀၀ခန့်ပါ စစ်ကော်မရှင် စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ သေဆုံးမှုများပြားပြီး စစ်ကြောင်းပျက်သွား ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

‎”တပ်ပျက်တဲ့အထိဖြစ်သွားတယ်လို့ သိရပါတယ်။ သုံ့ပန်းတွေပါ ရလိုက်တယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ကိုးတောင်ဘို့စခန်းကို ဦးတည်လာသည့် စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ၍ တပ်ပျက် ထွက်ပြေးစဉ် လက်ရဖမ်းဆီးနိုင်မှုများရှိခဲ့ပြီး လက်နက်များပါသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

‎စစ်ကော်မရှင် အင်အား ၁၀၀ကျော်အခြေချနေသည့် ကိုးတောင်ဘို့စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ရက်နေ့တွင် AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ၃ ရက်ကြာတိုက်ခိုက်၍ သိမ်းယူခဲ့ခြင်းပြီး အဆိုပါ ကိုးတောင်ဘို့စခန်းကို ပြန်လည် သိမ်းယူရန်အတွက် စစ်ကော်မရှင်စစ်ကြောင်းများ စေလွှတ်နေခြင်း ဖြစ်သည်။

စစ်ကော်မရှင်တပ်ကို ‎စစ်ကြောင်း ပျက်အောင် တိုက်ခိုက်ခံခဲ့ရပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ရက် နံနက်ပိုင်းက ကောလင်းမြို့နယ် ကျောက္ကာရွာအနီးတွင် တပ်မ (၃၃) မှ တပ်ကြပ်ကြီး ထူးထူးနိုင်ကို တော်လှန်ရေးတပ်များက ဖမ်းဆီးခဲ့သည်။

ပုံစာ-တပ်မ (၃၃) မှ တပ်ကြပ်ကြီး ထူးထူးနိုင်ကို ဖမ်းဆီးရမိပြီးနောက် တွေ့ရစဉ်။