မန္တလေးမှာ အရပ်ဝတ်နဲ့ ခြောက်လုံးပြူးသေနတ်ကိုင်ဆောင်သွားလာနေတဲ့ ရဲတပ်ကြပ် ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

စနိုး/ဧရာ၀တီတိုင်းမ်

(မန္တလေး)၊စက်တင်ဘာလ ၉ ရက်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်အတွင်း စက်တင် ဘာလ ၈ ရက် ယမန်နေ့ ည ၈ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် အရပ်ဝတ်နဲ့ခြောက်လုံးပြူးသေနတ်ကိုင်ဆောင် သွားလာနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ် ၁ ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပစ်ခတ်ခံရသူဟာ ရဲတပ်ကြပ် အောင်ညွှန့် ဆိုသူဖြစ်ပြီး ချမ်းမြသာစည်မြို့နယ်၊သံလျက်မှော်တောင်ရပ်ကွက်၊ မန်းကျည်းတန်းလမ်းထိပ်မှာ အမည်မသိလူ ၃ ဦးက ဆိုင်ကယ်ပေါ်ကနေ ပစ်ခတ်သွားလို့ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။

“ သူက ချမ်းမြသာစည် အပိုင်နယ်မြေ ၁၁ က ရဲလို့သိရတယ်။ အရပ်ဝတ်နဲ့ဆိုင်ကယ်နဲ့သွားတာ မန်းကျည်းတန်း လမ်းထိပ်မှာ လူ ၃ ယောက်က သေနတ်နဲ့သုံးချက်ပစ်သွားတာ။ ပွဲချင်းပြီးဘဲသေတယ်။ သူကိုင်တဲ့သေနတ်ပါသွားတယ်လို့လည်းပြောတယ် ” လို့ မန္တလေးမြို့ခံအမျိုးသားတဦး က ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။

မန္တလေးရဲတပ်ဖွဲ့အသိုင်းအဝိုင်းသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရ အဲ့ဒီရဲတပ်ကြပ်မှ ခြောက်လုံးပြူးသေနတ်တလက်ပါရှိတာဖြစ်ပြီး ပစ်ခတ်သွားသူတွေဟာ သူကိုင်ဆောင်တဲ့ခြောက်လုံးပြူးသေနတ်၊ ကျည်ဆံ ၁၂ တောင့်နဲ့ စကားပြောစက်တလုံး ကိုယူဆောင်သွားတယ်လို့သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုမှာသေနတ်ယူဆောင်သွားတယ်ဆိုတာနဲ့ပတ်သက်လို့တော့ သီးခြားအတည်မပြုနိုင်သေးသလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကို ဆက်သွယ်စုံစမ်းနေဆဲဖြစ်ကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

မနေ့ညပိုင်းမှာဘဲ စစ်တွေမြို့အမှတ် ၁ ရဲစခန်းက နယ်ထိန်းခေါင်းဆောင်ရဲအုပ် ၁ ဦးပစ်ခတ်ခံရလို့ သေဆုံးခဲ့သေး တယ်လို့သိရပါတယ်။

#Ayeyarwaddy_Times