ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဖေဖောဝါရီ ၁၀ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ တလန်ခွါကျေးရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ခြောက်ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
စစ်ကော်မရှင်တပ်သည် တလန်ခွာရွာကို စစ်ရေးလှုပ်ရှားခြင်း မရှိဘဲ ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် တံတားဦး လေတပ်မှ တက်လာသည့် တိုက်လေယာဥ်တစ်စီးဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နေ့လယ်က ရွာရဲ့ ဘောလုံးကွင်းဘက် ဗုံးကြဲသွားတာ ဒေသခံ အမျိုးသား ငါးယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ ဒဏ်ရာရတဲ့ အမျိုးသားတစ်ယောက်လည်း ထပ်ဆုံးတယ်။ စုစုပေါင်း ခြောက်ယောက်ပါ။ ဒဏ်ရာရတဲ့သူလည်း ၁၀ ယောက်လောက်ရှိမယ်”ဟု ထန်တလန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ခြောက်ဦးမှာ ပူးရလ်လပ်၊ ပူးထန်ကျဲအို၊ ပူးရွှေကျုံး၊ ပူးငွန်လျန်းထောင်၊ ပူးကျုံးကျင်းထောင်နှင့် ပူးဗျက်ကုန်း တို့ဖြစ်ကြသည်။
တလန်ခွာရွာတွင် စစ်ရေးလှုပ်ရှားခြင်း မရှိသလို တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲထားခြင်းလည်း မရှိဘဲ အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရွာမှာ စစ်ရေးလှုပ်ရှားတာတွေ ရှိရင် ရွာသားတွေက ကြိုတင်တိမ်းရှောင်တာတို့ လုပ်လို့ရသေးတယ်။ အခုက ရွာမှာ ဘာမှမရှိလို့ ရွာသားတွေကလည်း တိမ်းရှောင်တာတွေ မလုပ်ဘူး။ အဲဒါကြောင့် ထိခိုက်သေဆုံးမှုများရတာဖြစ်ပါတယ်”ဟု ထန်တလန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုကဲ့သို့ လေကြောင်းမှ တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများသည် နောက်ထပ်တိုက်ခိုက်ခံရမည်ကို စိုးရိမ်ပြီး ဘေးလွတ်ရာ တောတောင်များအတွင်းသို့ တိမ်းရှောင်နေကြသည်။
တလန်ခွာရွာကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ရွာစာသင်ကျောင်းနှင့် နေအိမ်၊ အဆောက်အဦးတို့ ထိခိုက်ပျက်စီးခဲ့သည်။