ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ ဖေဖော်ဝါရီ ၁၀ ရက်

 

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ငုတ်တရာကျေးရွာတွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ရှိရာသို့ ၎င်းတို့အချင်းချင်း ပါရာမော်တာဖြင့် မှားယွင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ တပ်စွဲအခြေချ ထားသည့် ငုတ်တရာကျေးရွာအတွင်းသို့ စစ်ကော်မရှင်၏ ပါရာမော်တာတစ်စင်းက ဗုံးကြဲချခဲ့ခြင်း ဖြစ်ပြီး၊ အောက်ခြေရှိ တပ်ဖွဲ့ဝင်များကလည်း အဆိုပါ ပါရာမော်တာကို ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“မှားကြဲတဲ့အချိန်မှာ တပ်သားတွေက ပါရာမော်တာကို လိုက်ပစ်နေတာကို တော်လှန်ရေးရဲဘော်တွေ မြင်လိုက်ရတယ်။ မှားကြဲတာကတော့ သေချာတယ်။ အဲဒီနေ့ ညဘက်မှာ လိုက်ထရပ်ကားတစ်စီးနဲ့ အလောင်းတွေ လာတင်သွားတာ။ လူအရှင်တွေမဟုတ်ဘူးဆိုတာ လမ်းတစ်လျှောက်က ပြည်သူတွေ မြင်ကြတယ်။ အဲဒီရွာမှာက သူတို့စစ်သားတွေပဲ ရှိတာကို လာကြဲတာဆိုတော့ ကြဲလည်းကြဲပြီးရော သူတို့က အော်ဆဲပြီး ပါရာမော်တာကို အတင်းလိုက်ပစ်နေတာ” ဟု နတ်တလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ ပါရာမော်တာဖြင့် မှားယွင်းဗုံးကြဲမှုကြောင့် စစ်ကော်မရှင်ဘက်မှ တပ်သား ၁၀ ဦးနှင့်အထက် သေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း ငုတ်တရာ‌ကျေးရွာအနီးရှိ သာယာဝတီခရိုင် အမှတ်(၃၈၀၁) တပ်ရင်း၏ ကင်းစခန်းကို စစ်ကော်မရှင်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးရဲဘော် ခြောက် ဦး နေရာတွင်ပင် ကျဆုံးခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။

 

လက်ရှိတွင် နတ်တလင်းမြို့နယ်အတွင်း စစ်ရေးတင်းမာနေသည့်အပြင် စစ်ကော်မရှင်သည် ၎င်းတို့ တပ်သားများကို မှားယွင်းဗုံးကြဲမိသည့် ဖြစ်စဉ်အပြီးတွင် ဒေါသအလျောက် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်းများ ပိုမိုလုပ်ဆောင်လာနေကြောင်း သိရ သည်။

ဓာတ်ပုံ – Aung Khant Zaw၊ လူမှုကွန်ရက်