ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသကို နယ်မြေအဖြစ် သိမ်းယူမည့်အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကန့်ကွက်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောပါတယ်။

“တည်ငြိမ်တဲ့ အနောက်ဘက်ကမ်းခြေဒေသဟာ အစ္စရေးရဲ့ လုံခြုံရေးအတွက် အထောက်အကူ ပြုသလို၊ ဒေသတွင်း ငြိမ်းချမ်းရေးရရှိဖို့ အမေရိကန်အစိုးရရဲ့ ရည်မှန်းချက်နဲ့လည်း ကိုက်ညီပါတယ်” လို့ အဆိုပါ အိမ်ဖြူတော်အရာရှိက တနင်္လာနေ့နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးရဲ့ အဆိုပါလုပ်ရပ်အပေါ် အမေရိကန်က သဘောမတူကြောင်း ထုတ်ဖော်ပြောကြားခြင်း မှာ ဥရောပနိုင်ငံတွေ၊ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ ကမ္ဘာတစ်ဝှမ်းရှိ အခြားနိုင်ငံတွေ ရဲ့ ဝေဖန်ကန့်ကွက်မှုတွေ ထွက်ပေါ်လာပြီးနောက် ဖြစ်ပေါ်လာတာပါ။

တူရကီ၊ အီဂျစ်၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားနဲ့ အာရပ်စော် ဘွားများပြည်ထောင်စု (UAE) တို့မှ နိုင်ငံခြားရေးဝန်ကြီးတွေ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေဒေသ မှာ အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေကို ပြင်းထန်စွာ ရှုတ်ချခဲ့ပါတယ်။

တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်အရ အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေဟာ အနောက်ဘက်ကမ်းဒေသမှာ တရားမဝင် အစ္စရေးအချုပ်အခြာအာ ဏာ သက်ရောက်စေဖို့၊ အခြေချနေထိုင်မှုတွေကို ခိုင်မာအောင်ပြုလုပ်ဖို့နဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အခြေအနေ သစ်တစ်ရပ်ကို အတင်းအကျပ် ဖန်တီးဖို့ ရည်ရွယ်ထားကြောင်း ဖော်ပြပါတယ်။

ယင်းလုပ်ရပ်တွေဟာ တရားမဝင် နယ်မြေသိမ်းယူဖို့ ကြိုးပမ်းမှုနဲ့ ပါလက်စတိုင်းပြည်သူတွေကို နေရပ်စွန့်ခွာစေရန် အရှိန်မြှင့်တင်ပေးနေခြင်းလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဗြိတိန်နိုင်ငံကလည်း အနောက်ဘက်ကမ်းဒေသအပေါ် ထိန်းချုပ်မှုတိုးချဲ့ဖို့ ဆုံးဖြတ်ချက်ကို ပြန် လည်ပြင်ဆင်ဖို့ အစ္စရေးကို တောင်းဆိုလိုက်ပြီး အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့အတူ ပူးပေါင်းကာ အစ္စရေးရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။

အရှေ့ဂျေရုဆလင်အပါအဝင် သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေတွေကို ဥပဒေကြောင်းအ ရ အခြေအနေကို ပြောင်းလဲဖို့ ရည်ရွယ်တဲ့ အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေကို လုံးဝလက်မခံနိုင်ကြောင်း (OIC) က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂျာမနီအပါအဝင် အခြားသော ဥရောပအင်အားကြီးနိုင်ငံတွေကလည်း သိမ်းပိုက်ခံ အနောက် ဘက်ကမ်းဒေသမှာ ထိန်းချုပ်မှုအားကောင်းစေဖို့ ရည်ရွယ်တဲ့ အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေကို ရှုတ်ချခဲ့ ပါတယ်။

စပိန်အစိုးရကလည်း အစ္စရေးရဲ့လုပ်ရပ်များအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ ပြီး ယင်းလုပ်ဆောင်ချက်တွေဟာ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို ချိုးဖောက်ကာ နောင်တွင် ပေါ်ထွန်း လာမယ့် ပါလက်စတိုင်းနိုင်ငံတော် တည်ရှိနိုင်ခြေကို ခြိမ်းခြောက်နေကြောင်း သတိပေးခဲ့ပါတယ်။

ကိုးကား – TRT World
Ref; President Trump opposes Israeli annexation of occupied West Bank — White House