နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့အာဏာ တည်မြဲစေရေးအတွက် လုပ်ဆောင်နေသည့် နိုင်ငံရေးလုပ်ရပ်များနှင့် အတုအယောင် ရွေးကောက်ပွဲအပေါ် ပြည်သူများ ထောက်ခံအားပေးခဲ့ကြောင်း ပြောဆိုသည်။

စစ်ခေါင်းဆောင်သည် ယမန်နေ့ ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)ရုံးတွင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို တွေ့ဆုံခဲ့ပြီး ထိုသို့ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။

“ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ ဆန္ဒမဲပေးရာမှာ တက်ကြွစွာ စည်းကမ်းတကျလာရောက်ပြီး မဲရုံတွေမှာ မဲပေးတာကို တွေ့ရတယ်။ ဒီလိုတွေ့ရတာဟာ ပြည်သူ‌တွေအနေနဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေးမှု ပြသတာ၊ နိုင်ငံတော်အစိုးရရဲ့ နိုင်ငံရေးအရ ဆောင်ရွက်ချက်တွေကို ထောက်ခံ ပြသတာ ဖြစ်တယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။

ထို့အပြင် တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိသဖြင့် မဲပေးမှု ရာခိုင်နှုန်းမှာ ၅၄ ဒဿမ ၂၂ ရာခိုင်နှုန်းရှိပြီး အောင်မြင်သည့် ရွေးကောက်ပွဲဟု ပြောနိုင်ကြောင်း ၎င်းက ဆိုသော်လည်း ပြည်သူနှင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်အပါအဝင် နိုင်ငံတကာမှ ၎င်းတို့၏ ရွေးကောက်ပွဲကို အသိအမှတ် ပြုထားခြင်းမရှိပေ။

စစ်ကော်မရှင်သည် နိုင်ငံ့ခေါင်းဆောင်များနှင့် NLD ပါတီအပါအဝင် အတိုက်အခံ နိုင်ငံရေးပါတီများကို ဖမ်းဆီးဖျက်သိမ်း၍ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကာ အပိုင်း သုံးပိုင်းခွဲ ကျင်းပခဲ့သည်။

ထိုသို့ အပိုင်း သုံး ပိုင်းခွဲ ကျင်းပခဲ့သော စစ်အုပ်စု၏ ရွေးကောက်ပွဲကို လက်ခံခြင်းမရှိဘဲ ဆန့်ကျင်၊ ခုခံတော်လှန်မှုများကြောင့် စစ်ကော်မရှင်အနေဖြင့် ထိန်းချုပ်ဒေသတချို့နှင့် မြို့ပေါ်နေရာ၌သာ ပြုလုပ်နိုင်ခဲ့သည်။

ယင်းအတွက် မဲစာရင်းအခြေခံ အသုံးပြုသော ၎င်းတို့ကောက်ယူထားသည့် ၂၀၂၄ လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းသည်လည်း အာဏာသိမ်းမှု နောက်ဆက်တွဲ၊ စစ်ရေး အခြေအနေတို့ကြောင့် ခန့်မှန်းလူဦးရေ အများအပြား ထည့်သွင်းထားသကဲ့သို့ အချက်အလက်များမှာ မြေပြင်နှင့် ကွဲလွဲမှားယွင်းနေပြီး မဲစာရင်းများ လာကြည့်ရှုသူ နည်းပါးခဲ့သည်။

ထို့အပြင် တစ်ဖတ်သတ် ရွေးကောက်ပွဲများ ပြုလုပ်ချိန်တွင် ထောက်ခံသူတချို့နှင့် ၎င်းတို့၏ ဖိအားပေး၊ ခြိမ်းခြောက်မှုများကြောင့် သက်ကြီးပိုင်းအပါအဝင် အနည်းငယ်သာ မဲလာပေးပြီး ပြည်သူများ လက်မခံဆန့်ကျင်နေ၍ အငြင်းပွားဖွယ် ကြိုတင်မဲ သာလွန်မှုဖြင့် ကြံ့ခိုင်ရေးပါတီ အနိုင်ထားခြင်း ဖြစ်ကာ စစ်ကော်မရှင်ကမူ ၁၃ သန်းကျော် မဲလာပေးကြောင်း ဆိုသည်။

လက်ရှိတွင် စစ်ကော်မရှင်၏ တစ်ဖတ်သတ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း အသိအမှတ်မပြုဘဲ မြန်မာ့အရေးကို အာဆီယံဘုံ ၅ ရပ်ဖြင့် ဆက်လက်ကိုင်တွယ်၍ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးအား ဦးစားပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၆ ရက်က စင်ကာပူနိုင်ငံ၌ ပြုလုပ်သော ISEAS – Yusof Ishak အင်စတီကျုတွင် ပြုလုပ်ဟော အထူး ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

ဓာတ်ပုံ-လူမှုကွန်ရက်