ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်
ဟောင်ကောင်တရားရုံးတစ်ခုဟာ ဒီမိုကရေစီလိုလားတဲ့ Apple Daily သတင်းစာတည်ထောင်သူ ဂျင်မီလိုင်ကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုကြောင့်ဆိုကာ ထောင်ဒဏ် နှစ် (၂၀) ချမှတ်လိုက်ပါ တယ်။
ယခုစီရင်ချက်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဥပဒေ အာဏာတည် လာပြီးနောက်ပိုင်း အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေဖို့ ပြည်ပအင်အားစုတွေနဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဂျင်မီလိုင်ကို ဟောင်ကောင်တရားရုံးက တနင်္လာနေ့မှာ စီချက်ချက် ချခဲ့တာပါ။
ဂျင်မီလိုင်ဟာ တရုတ်အစိုးရကို အမုန်းတရားတွေ မီးမွှေးဖို့နဲ့ တရုတ်နဲ့ဟောင်ကောင်အပေါ် ဒဏ် ခတ်ပိတ်ဆို့ရေး ပြည်ပနိုင်ငံတွေကို တောင်းဆိုဖို့ Apple Daily သတင်းစာကို အသုံးချခဲ့တယ်လို့ အစိုးရရှေ့ နေတွေက ပြောပါတယ်။
အသက် ၇၈ နှစ်အရွယ် ဂျင်မီလိုင်ဟာ ဟောင်ကောင်မှာ ဒီမိုကရေစီလှုပ်ရှားမှုကို ကာလရှည် ထောက်ခံခဲ့ပြီး စွဲချက်အားလုံးကို ငြင်းဆန်ခဲ့ကာ သူ့အမြင်တွေကို ထုတ်ဖော်ပြောခဲ့တာလို့ ဆိုပါတယ်။
ဟောင်ကောင်တရားရုံးဟာ ဒီဇင်ဘာလအတွင်း အစိုးရရှေ့နေတွေရဲ့ စွဲချက်တွေကို အတည်ပြုခဲ့ ပြီး အမျိုးသားလုံခြုံရေးပြစ်မှုတွေနဲ့ ဂျင်မီလိုင်မှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
Apple Daily သတင်းစာဟာ တရုတ်အစိုးရကို ဝေဖန်တဲ့ဆောင်းပါးတွေကို ဖော်ပြမှုကြောင့် အာ ဏာပိုင်တွေက ၂၀၂၁ ခုနှစ်မှာ အဆိုပါသတင်းစာတိုက်ကို ပိတ်သိမ်းကာ ဂျင်မီလိုင်နဲ့ အမှုဆောင်တွေကို ဖမ်းဆီးပြီး ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ခဲ့ပါတယ်။
ဂျင်မီလိုင်ဟာ ထိန်းသိမ်းခံရတာ (၅) နှစ်ကျော် ရှိခဲ့ပြီဖြစ်ပြီး သူ့ကို စီရင်ချက်ချပြီးနောက် ဂျပန် အ ပါအဝင် G7 နိုင်ငံခြားရေးဝန်ကြီးတွေက ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
ဟောင်ကောင်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ဆိုးရွားလာတဲ့အပေါ် စိုးရိမ်မိကြောင်း ထုတ်ပြန်ချက်က ဖော်ပြပြီး ဂျင်မီလိုင်က ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ကိုးကား – NHK
Ref; Hong Kong court sentences Apple Daily founder Jimmy Lai to 20 years in prison