ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ သေဆုံးခဲ့သော စစ်ကော်မရှင် တပ်သားအလောင်းများကို ပုသိမ်မြို့တွင် ညအချိန်မတော် တိတ်တဆိတ် သင်္ဂြိုဟ်နေရကြောင်း သိရသည်။

ပုသိမ်မြို့၊ ရွှေမြင်တင်သုဿန်သို့ သာပေါင်းတိုက်ပွဲမှ ကျဆုံးစစ်ကော်မရှင်တပ်ဖွဲ့ဝင် အလောင်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်၊ ည ၈ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မော်တော်ယာဉ် သုံးစီးဖြင့် သယ်ယူလာပြီး သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းအထူးတပ်ဖွဲ့ – ပုသိမ်ထံမှ သိရသည်။

“သာပေါင်းတိုက်ပွဲမှာ AA နဲ့ ဧရာဝတီ PDF တွေနဲ့ ရင်ဆိုင်တွေ့ပြီး သေကုန်တဲ့ စစ်သားအလောင်းတွေကို ဖောကားတွေနဲ့ အလုံအုပ်ပြီး သယ်လာတာ။ အဲဒါတွေကို လာသင်္ဂြိုဟ်ကြတာပါ” ဟု ဧရာဝတီတိုင်း ရှိသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း သာပေါင်းဘက်မှ ဒဏ်ရာရရှိသူများနှင့် သေဆုံးသွားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ဖောကားများပေါ်တွင် မိုးကာအုပ်၍ ပုသိမ်မြို့သို့ ပြန်လည်သယ်ဆောင် လာခဲ့ပြီး အရာရှိအဆင့်ရှိသူများကိုမူ ရန်ကုန်မြို့သို့ ပို့ဆောင်ဆေးကုသနေရကြောင်း သတင်းရင်းမြစ် များထံမှ သိရသည်။

လက်ရှိတွင် ပုသိမ်မြို့ရှိ အမှတ် (၄) စစ်မြေပြင်ဆေးတပ်ရင်း (မဆရ-၄) ၌ ဒဏ်ရာရလူနာများ ပြည့်နှက်နေပြီး ကုသရန်ပင် ခက်ခဲနေသည့် အခြေအနေဖြစ်ကြောင်း သိရသည်။ သာပေါင်းတိုက်ပွဲ အတွင်း စစ်ရေးရလဒ် ဆိုးရွားနေသဖြင့် သက်ဆိုင်သူ စစ်ကော်မရှင်အရာရှိပိုင်းများကို ခေါ်ယူကာ ဆူပူကြိမ်းမောင်းမှုများ ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)