ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ ဖေဖော်ဝါရီ ၉ ရက်

ပဲခူးတိုင်း (အနောက်ခြမ်း)၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့မှ ယနေ့ ၉ ရက်နေ့အထိ အရပ်သားများကို ပစ်မှတ်ထားကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို ဆက်တိုက်ပြုလုပ် လျက်ရှိကြောင်း သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယနေ့ ဖေဖော်ဝါရီ ၉ ရက်တွင် ဒမငယ်ကျေးရွာ၊ ဥယျာဉ်စုကျေးရွာနှင့် တာဂွကျေးရွာတို့အတွင်းရှိ နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြသည်။

“ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်က တောက်လျှောက် တိုက်ပွဲဖြစ်တယ်။ ဒီနေ့ မီးလာရှို့တာကတော့ အသားလွတ် လာရှို့တာပါ။ ဒမငယ်နဲ့ အဲဒီနားက ရွာတွေက လူတွေ စစ်ဘေးရှောင်နေကြတာ နှစ်လ ကျော်နေပြီ။ အိမ်တစ်အိမ်၊ နှစ်အိမ်လောက်ပဲ လူရှိတာ။ သူတို့လာတာမြင်တော့ ပြည်သူတွေက ပြေးကြရတယ်။ အဲဒီမှာ သူတို့ရှို့ချင်တဲ့အိမ်ကို ဝင်ရှို့သွားတာပဲ” ဟု နတ်တလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုု ပြောသည်။

ထို့ပြင် ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်ကလည်း စစ်ကော်မရှင်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် နတ်တလင်းမြို့နယ်၊ သခွပ်ကုန်းကျေးရွာရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ ကျွဲတဲကြီးရွာအခြေစိုက် စစ်ကော် မရှင်စခန်းမှ နတ်တလင်းမြို့နယ်ဘက်သို့ ၁၂၀ မမ လက်နက်ကြီး (၁၂) လုံး ပစ်ခတ်ခဲ့ရာ ကန်သာယာကျေး ရွာနှင့် အနီးတစ်ဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ လေး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လက်ရှိတွင် ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များ၌ စစ်ကော်မရှင်တပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့ များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ဖြစ်ပွားခဲ့သော ပေါက်ခေါင်း-အုတ်တွင်း တိုက်ပွဲအတွင်းတွင် စစ်ကော်မရှင်တပ်သား ၆၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့

#နတ်တလင်း #ပေါင်းတည် #စစ်ကော်မရှင် #လက်နက်ကြီးပစ်ခတ် #နေအိမ်မီးရှို့