ဧရာဝတီတိုင်းမ်
(ချင်းပြည်)၊ဖေဖော်ဝါရီ ၉ ရက်
ချင်းပြည်နယ်တောင်ပိုင်းရှိ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့ကို စစ်ကော်မရှင်တပ်က ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ကျောင်းသား တစ်ဦး သေဆုံးပြီး အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မတူပီမြို့နယ်၊ ချန်းပြန်း (က) ကျေးရွာကို ယမန်နေ့ နေ့လယ် ၁၂ နာရီ၃၀ မိနစ်ဝန်းကျင်တွင် စစ်ကော်မရှင်တပ်က မည်သည့် စစ်ရေးလှုပ်ရှားမှုမျှ မရှိဘဲ လေကြောင်းမှ သုံးကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
“ချင်းပြန်းရွာကို ၅ မိနစ်ခြားတစ်ခါ ဗုံးကြဲသွားတာပါ။ ရွာမှာ ဘာစစ်ရေးလှုပ်ရှားမှုမှ မရှိသလို ဘယ်လိုလက် နက်ကိုင်အဖွဲ့အစည်းတွေမှ တပ်စွဲထားတာလည်း မရှိဘူး။ အရပ်သားတွေ နေထိုင်တဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးလာကြဲသွားတာဖြစ်ပါတယ်” ဟု မတူပီမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး သေဆုံးခဲ့ပြီး အရပ်သား ၁၀ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ်အချို့နှင့် ကုန်တင်ယာဉ်တစ်စီး ပျက်စီးခဲ့သည်။
အလားတူ မင်းတပ်မြို့၊ စံပြရပ်ကွက်အတွင်းရှိ မြို့မဈေးနှင့် ဘဏ်ရုံးအနီးသို့လည်း ယမန်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကော်မရှင်က လေကြောင်းမှ ဗုံးသီးနှစ်လုံး ကြဲချခဲ့၍ ဂုဏ်စီခန်းမဆောင်၊ ဓမ္မရုံနှင့် လူနေအိမ်၊ ဈေးဆိုင်များ ထိခိုက်ပျက်စီးခဲ့သော်လည်း လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကန်ပက်လက်မြို့၊ မြို့မရပ်ကွက် (၂) ရှိ ကမ္ဘာလှည့်ခရီးသွား အဆောက်အအုံနှင့် အရပ်သား နေအိမ် ငါး လုံးခန့်မှာလည်း ယမန်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကော်မရှင်၏ လေကြောင်းမှ ဗုံးကြဲမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်။
“ဗုံးကြဲခံရတဲ့နေရာ ဘက်မှာ အရပ်သားပြည်သူတွေက မနေတာ ကြာပြီဖြစ်တဲ့အတွက် မနေ့က လေကြောင်း တိုက်ခိုက်မှုမှာ အရပ်သားတွေ ထိခိုက်မှုမရှိဘူး။ ဒါပေမဲ့ အဆောက်အဦးတွေ၊ နေအိမ် တွေက အတော်လေး ထိခိုက်ပျက်စီးသွားပါတယ်”ဟု ကန်ပက်လက်မြို့နယ်ဒေသတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း အရပ်သားများ နေထိုင်သည့် ရပ်ကွက်နှင့် ကျေးရွာများကို ဦးတည်၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင် နေခြင်းကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
စစ်ကော်မရှင် လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့် မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စစ်ကော်မရှင်က အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များဖြစ်သည်။
ပုံစာ-လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည့် ကျောင်းသားကလေးငယ်။