ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ရက်
ကချင်ပြည်နယ် ၊ ဝိုင်းမော်ရှိ ကာကင်းစခန်းများ၊ ခြေကုတ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းယူလာပြီးနောက် ကျန်နေသည့် တပ်ရင်း ခလရ-၅၈ ကို တိုက်စစ်ဆင်နေကြောင်း သိရသည်။
KIA သည် ခလရ ၅၈ ၏ ကာကင်းစခန်း နှစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ပထမပတ်အတွင်းက သိမ်းယူခဲ့ပြီးနောက် ဆက်လက်ထိုးစစ်ဆင်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”ဝိုင်းမော်ဘက်ကို မပခ(မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကနေ လက်နက်ကြီးတွေတော့ ဆက်တိုက် ပစ်တယ်။ ခလရ ၅၈ ကလည်း ပစ်တယ်ပေါ့။ အခုတော့ တိုက်ပွဲက ခလရ ၅၈ ကို ဦးတည်လာနေတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် ဝိုင်းမော်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) မှနေ၍ အင်အားများဖြည့်တင်းကာ လေကြောင်းပစ်ကူများပြုလုပ်လျက်ရှိသော်လည်း ဝိုင်းမော်၊ မိုင်းနားဒေသရှိ ကာကင်းများနှင့် ခြေကုတ် စခန်းများကို KIAက ဆက်တိုက်သိမ်းယူနေပြီး ဒရုန်း၊ လက်နက်နှင့် စစ်ကော်မရှင်အလောင်းများပါ သိမ်းဆည်းရမိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဝိုင်းမော်စစ်မျက်နှာတွင် စစ်ကော်မရှင်က ဗျူဟာမှူးအဆင့်ထက်မနိမ့်သည့် စစ်ဗျူဟာတစ်ခုနှင့် ခံစစ်ဆင်နေခြင်းဖြစ်ပြီး မပခမှ စစ်ကူများထပ်မံပို့ဆောင်မည့် အစီအမံရှိနေကြောင်း CDMဗိုလ်ကြီး ဇင်ယော်က ပြော သည်။
KIAသည် ဝိုင်းမော်မြို့အစွန် ရွှေညောင်ပင်အခြေစိုက် ခမရ ၃၂၁အထိ သိမ်းယူပြီးနောက် နယ်မြေခံ တပ်ရင်းများကိုပါသိမ်းယူရန် တိုက်စစ်ဆင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ရက်နေ့ကလည်း လမြန်ကျေးရွာအနီးတွင် ခမရ-၃၁၈ မှ လှုပ်ရှားမှုရှိလာ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်မှ တပ်ဖွဲ့ဝင် လေးဦးသေဆုံးကာ လက်နက်အချို့ ရရှိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)