ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်
ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေအသင်းတာဝန်ရှိသူများဖမ်းဆီးခံပြီးနောက်ပိုင်း ယခုရက်ပိုင်းအတွင်း ရွှေအရောင်းဆိုင်များက ရွှေပေါက်ဈေးမပြောဘဲ အရောင်းအဝယ်ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။
ယနေ့ ( ဖေဖော်ဝါရီ ၉ ) ရက် မနက်ပိုင်းရွှေဈေးအဖွင့်တွင် အကယ်ဒမီ ( စနစ်ဟောင်း) တစ်ကျပ်သားလျှင် ဝယ်ဈေး ကျပ် ၁၀,၅၇၀,၀၀၀ ကျပ် နှင့် ရောင်ဈေး ၁၀,၆၀၀,၀၀၀ ကျပ်ရှိကြောင်း ရွှေဈေးကွက်အတွင်းစုံစမ်းသိရသည်။
ယခုရက်ပိုင်းအတွင် မီးလင်းရွှေထည်၊ ၁၆ ပဲရည်ရွှေထည်ပစ္စည်းများကိုပြန်ရောင်းချရာတွင် ဈေးကွက်ပေါက်ဈေးမပြောဘဲ ရွှေအလေးချိန်ကိုတွက်ချက်ပြီး ငွေကြေးပြန်ပေးကြောင်း ကိုယ်တိုင်ကြုံရသူ ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

“အွန်လိုင်းမှာအရောင်းပိတ်တယ်တွေပြောနေပေမယ့် ရွှေဆိုင်တွေမှာအရောင်းအဝယ်ရှိတယ်။ အခေါက်အတုံးတွေလည်းရောင်းနေတာတွေ့တာပါပဲ။ အောင်သမာဓိကပဲဝယ်ထားတဲ့ နှစ်ကျပ်သားမီးလင်းရွှေဆွဲကြိုး အရှည်လက်မလည်းပြည့်တယ်။ ပြန်ရောင်းတော့ တစ်ပဲလျော့တယ်ဆိုပြီးပြောတယ်။ ပေါက်ဈေးလည်းလုံးဝမေးမရဘူး။ အဲဒါနဲ့ ၁၉၇ သိန်းရတယ်။ ဘယ်ဈေးနဲ့ဖြတ်လဲမသိဘူး” ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
ရွှေထည်ပစ္စည်းသည်နှစ်ကြာသော်လည်း အလေးချိန်အများကြီးလျော့သွားနိုင်မရှိဘဲ အလေးချိန်လျော့နေရခြင်းက ပစ္စည်းစဝယ်ကတည်းက အလေးချိန်မှားယွင်းမှုဖြစ်နိုင်ကြောင်း ရွှေရောင်းဝယ်သူတစ်ဦးက ဆိုသည်။
လက်ရှိတွင်ဈေးကွက်အတွင်း အကယ်ဒမီအခေါက်ရွှေအပါအဝင် ရွှေထည်ပစ္စည်းများရောင်းချမှုပိုများနေပြီး အဝယ်နည်းပါးကြောင်းစုံစမ်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသူဝင်းနှင့် အတွင်းရေးမှူး ဦးနေမျိုးထက်တို့ကို ရွှေဈေးနှုန်းမြင့်တက်စေပြီး ဈေးကွက်မတည်မငြိမ်ဖြစ်စေသည်ဟုဆိုကာ ဖမ်းဆီးထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်