ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ရက်
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို စစ်ကော်မရှင်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်များက ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဗန်းမောက်မြို့ပေါ်ရှိ ရပ်ကွက် သုံးခုတွင် အဆင့်ဆင့် ဝင်ရောက်နေရာယူခဲ့သည့် စစ်ကော်မရှင် တပ်များသည် မြို့အရှေ့ပိုင်းသို့ ဆက်လက်စစ်ကြောင်းထိုးလာပြီးနောက် နောက်ဆုံးကျန်ရှိသည့် ရပ်ကွက်ကိုပါ ထပ်မံသိမ်းယူကာ မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၉ ရက်က စစ်ကော်မရှင်လက်အောက်ခံ ဝါဒဖြန့် သတင်း စာများတွင် ဖော်ပြထားသည်။
“မနေ့က မြို့ကို အလုံးစုံပြန်ရပြီဆိုပြီး SNA ရှမ်းနီတပ်တွေက ကြေညာချက်ထုတ်တယ်။ စစ်တပ် ဘက်ကတော့ ဒီနေ့မနက်မှာ ဝါဒဖြန့်သတင်းတွေ ထပ်ထုတ်တာပေါ့” ဟု ဒေသတွင်းသတင်းရင်းမြစ် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် စက်တင်ဘာလတွင် ဗန်းမောက်မြို့ကို ဝင်ရောက်ထိန်းချုပ် ပြီးနောက် စစ်ကော်မရှင်က လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်နေခဲ့ပြီး မြို့အနောက်ခြမ်းမှနေ၍ ရှမ်းနီတပ်များနှင့်ပူးပေါင်းကာ မြို့ကိုပြန်လည်ထိန်းချုပ်ရန်ကြိုးပမ်းခဲ့သည်။
ဗန်းမောက်မြို့ရှိ လွှစင်ကုန်းနှင့် မြနန္ဒာရပ်ကွက်ကို ဇန်နဝါရီ ၁၈ရက်နေ့တွင် စစ်ကော်မရှင်က ဝင်ရောက်ထိန်းချုပ်ပြီး ကျန်နေသည့် မြို့မနှင့် အောင်သာကုန်းရပ်ကွက်ကို ယခု ဖေဖော်ဝါရီလတွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။
ဟုမ္မလင်းဘက်မှ တက်လာသည့် SNA တပ်များနှင့် လေကြောင်းပစ်ကူ အသာစီးယူထားသည့် စစ်ကော်မရှင်တပ်များ ပူးပေါင်းကာ ဗန်းမောက်မြို့ကို ပြန်လည်ထိန်းချုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်များနှင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ ကသာနှင့် ထီးချိုင့်မြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။
ပုံစာ-ဗန်းမောက်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်ကော်မရှင်ပူးပေါင်းတပ်များကို တွေ့ရစဉ်။