ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်
ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပြည်သူ့ရင်ခွင်(People’s Embrace) အဖွဲ့အစည်းသို့ ယခုဖေဖော်ဝါရီ လအစောပိုင်းတွင်ပင် လက်နက်တကွ အလင်းဝင်လာသည့် ပြည်သူ့စစ် ခုနစ် ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် တာဝန်ကျ ပြည်သူ့စစ်မှုထမ်း သုံး ဦး၊ ဖယ်ခုံမြို့နယ်တွင် တာဝန် ကျသည့် ပြည်သူ့စစ်မှုထမ်း နှစ် ဦး၊ ကျိုက်ထိုမြို့နယ်တွင် တာဝန်ကျနေသည့် ပြည်သူ့ စစ်မှုထမ်း နှစ် တို့သည် ပြည်သူ့ရင်ခွင်အဖွဲ့အစည်းနှင့် ချိတ်ဆက်ကာ အလင်းဝင်လာကြခြင်းဖြစ်သည်။
အလင်းဝင်လာသူများကို ၎င်းတို့တာဝန်ကျရာဒေသများတွင်ရှိနေသော တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်သည့် ကချင်ဒေသ ပြည်သူ့ရင်ခွင်ခိုလှုံရေးအဖွဲ့ (KPEC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG/MOD)၏ကွပ်ကဲမှုအောက်ရှိ အမှတ်(၁၀၀၂)တပ်ရင်း၊ တောင်ပိုင်းတိုင်းစစ်ဒေသတို့မှ ကယ်ထုတ် ထားခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းပြုပြီး ပေါ်တာပါတယ်။ စစ်မှူထမ်း အမှတ်စဉ်တွေမှာ တက်ရ သူတွေပါ” ဟု ပြည်သူ့ရင်ခွင်အဖွဲ့အစည်းတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် အလင်းဝင်ရာတွင် ယူဆောင်လာသည့် MA- မောင်းပြန်ရိုင်ဖယ် နှစ် လက်နှင့် လက်နက် ခဲယမ်းတို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက လက်ရှိတွင် တိုက်ပွဲများအတွင်း ပြန်လည်အသုံးပြုနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင်လည်း ဘက်ပြောင်းခိုလှုံလာသူ ခုနစ် ဦးကို ၎င်းတို့၏ဆန္ဒအရ တော်လှန်ရေးတွင် ပြန်လည်ပါဝင်ခြင်း၊ လွတ်မြောက်နယ်မြေမှဖြစ်ပါက အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခြင်းနှင့် သွားလိုသည့်ဒေသကို ပို့ဆောင်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စစ်ကော်မရှင်လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များမှ အလင်းဝင်ရောက်လိုသူများအနေဖြင့် ပြည်သူ့ ရင်ခွင်-People’s Embrace သို့ဆက်သွယ်နိုင်ပြီး ပြီးခဲ့သည့် ၂၀၂၅ တစ်နှစ်တာအတွင်းတွင်လည်း စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင် ၅၃၆ ဦးအထိ အလင်းဝင်ရောက်မှုရှိခဲ့ကြောင်း NUGထံက သိရသည်။
ဓာတ်ပုံ – ပြည်သူ့ရင်ခွင်-People’s Embrace