နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းစိတ်ကြိုက် စိစစ် ရွေးချယ်ထားသည့် အလုပ်သင်ဗိုလ်များ ဦးစီးသော လက်အောက်ခံ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် စာရင်းများကို ထုတ်ပြန်၍ အာဏာတည်မြဲရေး ဆက်လက်လုပ်ဆောင်နေကြောင်း CDM အရာရှိများထံက သိရသည်။
နိုင်ငံတကာနှင့် လူထုလက်မခံသော တစ်ဖတ်သတ် ရွေးကောက်ပွဲအပြီး လာမည့် မတ်လတွင် လွှတ်တော်ခေါ်ယူရန် စီစဉ်နေသည့် စစ်ကော်မရှင်က ထိုအတွက် ရွေးကောက်ခံ မဟုတ်သော ၂၅ ရာခိုင်နှုန်း အစုအဖွဲ့များအနက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တပ်စာရင်းများကို ထုတ်ပြန်နေကြောင်း သိရသည်။
စစ်ကော်မရှင်၏ ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်အထိ ထုတ်ပြန်ထားသည့် တပ်ကိုယ်စားလှယ်များ စာရင်း၌ လွှတ်တော်အစုအဖွဲ့ ခေါင်းဆောင်များအဖြစ် အလုပ်သင်ဗိုလ်(တေဇ)ဆင်း ဗိုလ်ချုပ်အဆင့် စစ်အရာရှိ (၂) ဦးကို တာဝန်ပေးထားကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)ထံက သိရသည်။
“စစ်ခေါင်းဆောင်တွေကိုယ်တိုင် သူတို့ကိုယ်စား သူတို့သဘောထားကို နားလည်ပြီးတော့ ရပ်တည် ဆွေးနွေးပေးမယ့် အစုအဖွဲ့ခေါင်းဆောင်တွေကို ရွေးချယ်တယ်။ ကျန်အစုအဖွဲ့ဝင်တွေကိုတော့ မူဝါဒတွေ ချမှတ်ပြီး ရွေးချယ်တာ” ဟု MDSI ၏ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လာမည့် မတ်လ၌ ခေါ်ယူမည့် လွှတ်တော်များအတွက် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ကို တေဇ (၂၀) ကျောင်းဆင်း တပ်မတော်မှတ်တမ်းရုံး (ကကတမ်း)၏ ညွှန်ကြားရေးမှူးဖြစ်သူ ကြည်းအမှတ် ၂၄၉၀၄ ဗိုလ်ချုပ် ရဲကျော်သူအား ရွေးချယ်ပေးအပ်ထားပြီး ၎င်းအပါအဝင် ၁၁၀ ဦး ပါဝင်ကြောင်း သိရသည်။
အဆိုပါ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ စာရင်းတွင် ဗိုလ်ချုပ် ရဲကျော်သူ ဦးဆောင်၍ ဗိုလ်မှူးချုပ် ၁၀ ဦး၊ ဗိုလ်မှူးကြီး ၁၈ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၄၂ ဦး၊ ဗိုလ်မှူး ၂၇ ဦးနှင့် ဗိုလ်ကြီး ၁၂ ဦးတို့ဖြစ်ပြီး ယင်းအထဲ အမျိုးသမီး စစ်အရာရှိ ၂၂ ဦးလည်း ပါဝင်နေကြောင်း သိရသည်။
“အရပ်သား ကိုယ်စားလှယ်တွေနဲ့ မတူတာက အဆိုတစ်ခုအတွက် တပ်ချုပ်ရုံးအပါအဝင် အဆင့်ဆင့်ကို တင်ပြရတယ်။ သူတို့ကို များသောအားဖြင့် စကားပြောကောင်းတာ၊ လူကြီးအဆင့်ဆင့်က ထောက်ခံတာ စတွေနဲ့ ရွေးချယ်ထည့်သွင်းတယ်” ဟု CDM ဗိုလ်ကြီးဘုဏ်းသိုက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲများတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လူထုရွေးချယ်ခံ မဟုတ်သော၂၅ ရာခိုင်နှုန်း တပ်ကိုယ်စားလှယ်၏ အစုအဖွဲ့ခေါင်းဆောင်များကို စစ်ခေါင်းဆောင်များက အဓိကရွေးချယ်၍ မူဝါဒ ချမှတ်ခဲ့ကြောင်း CDM အရာရှိများ၏ ပြောပြ ချက်အရ သိရသည်။
ထို့အတူ ယမန်နေ့၌ ထုတ်ပြန်လာသည့် အမျိုးသားလွှတ်တော်အတွက် တပ်ကိုယ်စားလှယ်များ စာရင်းတွင်လည်း အစုအဖွဲ့ခေါင်းဆောင်အဖြစ် တေဇ (၂၁) ကျောင်းဆင်း ဒုတပ်မတော် စစ်ဆေးရေး ချုပ်ဖြစ်သူ ကြည်းအမှတ် ၂၅၈၁၄ ဗိုလ်ချုပ် ကျော်သူရအေးကို တာဝန်ပေးထားပြီး အဖွဲ့ဝင် ၅၆ ဦး ပါဝင်ကြောင်း သိရသည်။
ယင်းကဲ့သို့ ရွေးချယ်တာဝန် ပေးအပ်ထားသော လွှတ်တော်နှစ်ရပ်စလုံးမှ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့များသည် အာဏာသိမ်း စစ်ခေါင်းဆောင် (တပ်ချုပ်)၏ သဘောထားကို လွှတ်တော်၌ ကိုယ်စားပြု ရပ်တည်ဆောင်ရွက်ပေးရကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)ထံက သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်
ပုံစာ – ယခင် ၂၀၂၀ ရွေးကောက်ပွဲ (ပုံဟောင်း)