ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဖေဖော်ဝါရီ ၈ ရက်)
ဘေးအိမ်က ကိုထွေး တစ်ယောက် ခြံဝင်းရှင်းရင်း ခြေထောက် သံစူးသွားတာကြောင့် အလုပ် မဆင်းနိုင်ဘဲ နားနေရပါတယ်။ သူက မေးခိုင်ရောဂါ ဖြစ်မှာကို ကြောက်နေတာကြောင့် ကျွန်တော်က ကာကွယ်ဆေးထိုးဖို့ အကြံပေး လမ်းညွှန်လိုက်ရပါတယ်။ အားလုံးကိုလည်း မေးခိုင်ရောဂါအကြောင်းနဲ့ ကုသကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို ရှင်းပြပေးချင်ပါတယ်။
မေးခိုင်ပိုး
မေးခိုင်ပိုးဆိုတာ Clostridium tetani ဘက်တီးရီးယားပိုးကြောင့် ကြောက်စရာကောင်းတဲ့ မေးခိုင်ရောဂါ ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ ဒီပိုးဟာ မြေကြီး၊ ဖုန်မှုန့်နဲ့ တိရစ္ဆာန်အညစ်အကြေးတွေထဲမှာ ခိုအောင်းနေတတ်ပါတယ်။
ညစ်ပတ်နေတဲ့ သံချေးတက်သံကို စူးမိခြင်း၊ ဖန်ကွဲစ အပါအဝင် ညစ်ပတ်နေတဲ့ ချွန်သောထက်သော ပစ္စည်းများ စူးရှခြင်း၊ ပွန်းပဲ့ထိခိုက်ရှနာများကို မြေကြီးနှင့်ဖုန်မှုန့်များ ဝင်ရောက်ခြင်း၊ တိရစ္ဆာန်ကိုက် ခြင်း၊ မသန့်ရှင်းသော ကိရိယာများဖြင့် ချက်ကြိုးဖြတ်ခြင်း (မွေးကင်းစကလေး မေးခိုင်ရောဂါ) စတဲ့အခြေအနေတွေကြောင့် မေးခိုင်ပိုးကူးစက်သွားတတ်ပါတယ်။
မေးခိုင်ပိုးဟာ ခန္ဓာကိုယ်ထဲ ရောက်သွားရင် အာရုံကြောစနစ်ကို တိုက်ခိုက်တဲ့ “အဆိပ်အတောက်” ကို ထုတ်ပါတယ်။ အဲဒီအဆိပ်ကြောင့် ကြွက်သားတွေ ပြင်းပြင်းထန်ထန် နာကျင်တောင့်တင်းလာရတာပါ။ ပုံမှန်အားဖြင့် ပိုးဝင်ပြီး ၃ ရက်ကနေ ၂၁ ရက်အတွင်း ရောဂါလက္ခဏာ စတင်ပြတတ်ပါတယ်။
သတိပြုရမည့် ရောဂါလက္ခဏာများ
မေးရိုးတောင့်တင်းခြင်းကြောင့်ပါးစပ်ဟရ ခက်ခဲလာတာက အဓိကလက္ခဏာဖြစ်ပြီး ဒီအဖြစ်ကြောင့်ပဲ မေးခိုင်ရောဂါလို့ နာမည် ပေးလိုက်ကြခြင်းဖြစ်ပါတယ်။
လည်ပင်း၊ ဗိုက်နှင့် ကျော ခန္ဓာကိုယ်နေရာအနှံ့မှ ကြွက်သားများ နာကျင်တောင့်တင်းခြင်း ခံစားရပါတယ်။
လည်ပင်းကြွက်သားများ တောင့်တင်းမှုကြောင့်အစာမျိုရခက်ခြင်း၊ ကိုယ်ပူခြင်း၊ ချွေးထွက်ခြင်း နှလုံးခုန်မြန်ခြင်း၊ သွေးတိုးလာခြင်းတို့ ပါယှဉ်တွဲ ကြုံတွေ့ခံစားရမှာပါ။ အလင်းရောင်စူးစူး၊ အသံကျယ်ကျယ် တို့လို လှုံ့ဆော်မှုတွေကြောင့် ကြွက်သားများ ရုတ်တရက် ဆွဲဆန့်ခြင်း တက်ခြင်း ကိုလည်းရောဂါလက္ခဏာအဖြစ် တွေ့မြင်ရမှာပါ။
ဘယ်လိုကာကွယ်မလဲ
လူတစ်ဦးမှ နောက်တစ်ဦးကို မေးခိုင်ရောဂါတိုက်ရိုက်ကူးစက်ခြင်း အခြေနေကတော့မရှိသလောက်ရှား ပါတယ်။ မေးခိုင်ရောဂါအတွက် ကာကွယ်ဆေး (Tetanus Vaccine) ထိုးခြင်းကသာ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။
မိခင်နှင့် ကလေး မေးခိုင်ပိုးမဝင်စေဖို့အတွက် မိခင်လောင်းလျာတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာ ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံရပါတယ်။ ကလေးငယ်များအနေနဲ့လည်း ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အတိုင်း အကြိမ်ပြည့် ထိုးနှံဖို့ လိုအပ်ပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ နောက်တစ်ကြိမ် နှင့် ဆယ်နှစ်ကြာတိုင်း တစ်ကြိမ်စီ ထပ်မံပြီး မေးခိုင် ကာကွယ်ကိုယ်ခံအားတိုးမြှင့်ရန် (Booster dose) ထိုးနှံဖို့လိုပါတယ်။ ဒါပေမယ့် မေးခိုင် ကာကွယ်ဆေးအတွက် စီမံချက်တွေ စနစ်တကျ အကောင်ထည်မဖော်ရသေးတာကြောင့် မြန်မာနိုင်ငံ မှာတော့ ဒီနည်းလမ်းကိုမသုံးနိုင်သေးပါဘူး။
ဒဏ်ရာတစ်ခုခုရပါက သတိပြုကုသရှေးဦးသူနာပြုစုနည်း
ဒဏ်ရာကို ရေစင်စင်ဆေးပါ။ အနာကိုဆေးကြောပြီး ပိုးသတ်ဆေး ထည့်ပါ။ နက်သောဒဏ်ရာ၊ ညစ်ပတ်သောဒဏ်ရာသံချေးတက်သံစူးခြင်းများ ဖြစ်ပါက နီးစပ်ရာဆေးခန်းသို့ ချက်ချင်းသွားပါ။ ဆရာဝန်၏ဆုံးဖြတ်ချက်ဖြင့် မေးခိုင်ရောဂါကာကွယ်ဆေး ချက်ချင်းထိုးပါ။ နောက်ဆုံး ကာကွယ် ဆေးထိုးထားသည့်အချိန်် ၅ နှစ်ထက် ကျော်လွန်ပါက ထပ်မံထိုးနှံရန် လိုအပ်ပါတယ်။
သမိုင်းတစ်ကွေ့မှ မေးခိုင်ရောဂါ
မေးခိုင်ရောဂါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၅၀၀ ကျော်ကတည်းက လူသားတွေကို ခြိမ်းခြောက်ခဲ့တာပါ။ ဂရိဆေးပညာဖခင်ကြီး Hippocrates က စတင်မှတ်တမ်းတင်ခဲ့ပါတယ်။ အဲ့ဒီခေတ်ကာလ ဒဏ်ရာရတဲ့ မြင်းသည်တော်တွေ စစ်သားတွေဟာ မေးရိုးတွေတောင့်ပြီး ခန္ဓာကိုယ်ကြီး နောက်ကို ကော့လန်ထွက်တဲ့ ရောဂါလက္ခဏာ (Opisthotonus) ကို ကြောက်မက်ဖွယ် တွေ့ရှိခဲ့ကြတာပါ။မေးခိုင်ရောဂါရဲ့ နောက်ဆုံးအခြေနေလို့ပြောရရင်လည်းမမှားပါဘူး။
၁၈၈၄ ခုနှစ်မှာ ဂျာမန်သိပ္ပံပညာရှင် Arthur Nicolaier က မြေကြီးထဲမှဘက်တီးရီးယားတွေဟာ မေးခိုင် ရောဂါ ဖြစ်စေနိုင်ကြောင်း စတင်တွေ့ရှိခဲ့ပါတယ်။ ၁၈၈၉ ခုနှစ်မှာ ဂျပန်ပညာရှင် Kitasato Shibasaburo က ဒီရောဂါဟာ ပိုးကထုတ်တဲ့ “အဆိပ် (Toxin)” ကြောင့် ဖြစ်ရတာလို့ သက်သေ ပြနိုင်ခဲ့ပါတယ်။
ပထမကမ္ဘာစစ် စစ်မြေပြင်မှာ စစ်သားအများအပြား မေးခိုင်ရောဂါနဲ့ သေဆုံးခဲ့ရပေမဲ့ ၁၉၂၄ ခုနှစ်မှာ ကာကွယ်ဆေး (Tetanus Toxoid) ပေါ်လာပြီးနောက် ဒုတိယကမ္ဘာစစ်မှာ သေဆုံးနှုန်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေး(WHO)အဖွဲ့က မေးခိုင်ရောဂါကို “တိတ်တဆိတ်လူသတ်သမား” အဖြစ် ရှုမြင်ပါ တယ်။ အထူးသဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မီးဖွားတဲ့အခါ မသန့်ရှင်းတဲ့ ကိရိယာတွေနဲ့ မွေးကင်းစကလေးငယ်တွေချက်ကြိုးဖြတ်ရာမှ ကူးစက်ဖြစ်ပွားတဲ့ Maternal and Neonatal Tetanus (MNT) မိခင်နဲ့မွေးကင်းစကလေးငယ်မေးခိုင်ရောဂါ ကို စီမံချက်များချမှတ်ပြီး တိုက်ဖျက်နေပါတယ်။
မေးခိုင်ပိုးဟာ မြေကြီးထဲမှာ အမြဲခိုအောင်းတည်ရှိနေတဲ့အတွက် ကျောက်ရောဂါ၊အကြောသေ ပျော့ခွေပိုလီယိုရောဂါ တို့မျိုး ကမ္ဘာပေါ်ကနေ လုံးဝ အမြစ်ပြတ်အောင် တိုက်ဖျက်ဖို့ မဖြစ်နိုင်တာကြောင့် “ကာကွယ်ဆေးထိုးနှံရေး” ကသာ ရောဂါကာကွယ်ရေးနည်းလမ်းဖြစ်နေရပါတယ်။
၁၉၈၀ ပြည့်နှစ်တွေမှာ တစ်နှစ်ကို မွေးကင်းစကလေး ၈ သိန်းနီးပါး မေးခိုင်ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ WHO နဲ့ UNICEF တို့ ပူးပေါင်းပြီး ကမ္ဘာအနှံ့ ကာကွယ်ဆေး ထိုးနှံပေးခဲ့လို့ အခုအခါမှာ နိုင်ငံအများစုမှာ ဒီပြဿနာကို ထိန်းချုပ်နိုင်နေပြီ ဖြစ်ပါတယ်။ လူတိုင်းဟာ အသက်အရွယ်မရွေး၊ နေရာမရွေး မေးခိုင်ကာကွယ်ဆေး ထိုးရမယ့် ကျန်းမာရေးစောင့်ရှောက်မှုမျိုး လိုအပ်ပါတယ်။
စိုးရိမ်ရသည့် မြန်မာ့အခြေအနေ
စစ်အာဏာသိမ်းပြီးနောက် ပြည်သူတွေကိုကုသပေးနေတဲ့ဆေးရုံတွေ လေယာဥ်ဗုံးကြဲဖျက်ဆီးခံနေရတဲ့ အခြေအနေ တွေမှာ ကျန်းမာရေးစနစ်ပျက်စီးသွားခဲ့ပါပြီ။ မြန်မာနိုင်ငံ ပကတိအခြေအနေမှာတော့ မေးခိုင် ရောဂါကတကျော့ပြန် ခေါင်းထောင်လာမလားဆိုတာကတော့ စောင့်ကြည့်ရမယ့်စိုးရိမ်စရာ အခြေအနေတခုပဲဖြစ်ပါတယ်။
မေးခိုင်ရောဂါရဲ့ အဆိုးရွားဆုံးအဆုံးသတ်များ
ပြုံးလျက်သေဆုံးခြင်း
-မေးခိုင်ရောဂါသည်တွေမှာ မျက်နှာကြွက်သားတွေ တောင့်တင်းလာတဲ့အခါ လူက နာကျင်နေပေမယ့် မျက်နှာအမူအရာကတော့ သွားဖြဲပြီး ပြုံးနေသလိုမျိုး ဖြစ်သွားပါတယ်။ ဒါကို ဆေးပညာအရ Risus sardonicus လို့ ခေါ်ပါတယ်။
ခန္ဓာကိုယ်ကော့လန်ခြင်း(Opisthotonus)
-မေးခိုင်ပိုးက ထုတ်တဲ့ အဆိပ်အတောက်တွေကြောင့် ကျောရိုးတလျှောက်က ကြွက်သားတွေ ပြင်းထန် စွာ တောင့်တင်ပြီး ခန္ဓာကိုယ်ကြီးက “လေး”တစ်ချောင်းလို နောက်ကို ကွေးလန်သွားတဲ့ အခြေ အနေကို ခေါ်တာဖြစ်ပါတယ်။
ခေါင်းနဲ့ ခြေဖနောင့်သာ မြေကြီးနဲ့ ထိတော့ပြီး ခန္ဓာကိုယ် အလယ်ပိုင်းကြီးက အပေါ်ကို ကြွတက် နေတာပါ။ လူနာအလွန်အမင်း နာကျင်ရပါတယ်။ ကြွက်သားတွေ ကျုံ့တဲ့အားက ပြင်းထန်လွန်းလို့ အရိုးတွေ ကျိုးတာ၊ ကြွက်သားတွေ ပြတ်ထွက်တာအထိ ဖြစ်နိုင်ပါတယ်။
အသက်ရှူလမ်းကြောင်းပိတ်ခြင်း
-အသက်ရှူဖို့ ကူညီပေးတဲ့ ကြွက်သားတွေ တောင့်တင်းလျက်အသက်ရှူလို့မရဘဲ အသက်ရှူ လမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့်သေဆုံးနိုင်ပါတယ်။အဆိပ်က အာရုံကြောစနစ်ကို ထိခိုက်စေလို့ နှလုံးခုန်ရပ်တာ၊ သွေးဖိအား ရုတ်တရက် တက်ခြင်း ကျခြင်းတွေကြောင့်သေဆုံးရပါတယ်။
အဆုတ်အအေးမိခြင်း (Pneumonia) နဲ့ အိပ်ရာနာဖြစ်ခြင်းတို့ကြောင့်လည်း အသက်ဆုံးရှုံးရတတ် ပါတယ်။
မေခိုင်ရောဂါ ဖြစ်လာပါက သေဖို့ပဲ ဖြစ်ရမယ့် အခြေအနေလို့ သတ်မှတ်ခဲ့ကြပေမယ့် ဒီလိုအခြေ အနေမှာ ကုသလို့ ရပါသေးတယ်။ Antitoxin (မေးခိုင်အဆိပ်ဖြေဆေး) Antibiotics (ပိုးသတ်ဆေး) Muscle Relaxants (ကြွက်သားဖြေလျော့ဆေး) Ventilator (အသက်ရှူစက်)တို့ဖြင့် အထူးကြပ်မတ် ကုသဆောင် (ICU) ထဲမှာ ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူပြီး ခက်ခက်ခဲခဲ ကုသရမှာပါ။
မေးခိုင်ရောဂါဟာ တစ်ခါဖြစ်ဖူးရုံနဲ့ ခုခံအား မရပါဘူး။ နောက်တစ်ခါ ထပ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒဏ်ရာရလျှင်ဖြစ်စေ၊ တိရစ္ဆာန်ကိုက်ခံရလျှင်ဖြစ်စေ ပေါ့ဆမနေဘဲ မေးခိုင်ကာကွယ်ဆေးကို အချိန်မီ ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်။
နောက်တစ်ပတ်မှာတော့ ” ကိုက်ခဲနာကျင်သက်သာတဲ့ ဆေးပလာစတာများ ” ဆောင်းပါးကိုတင်ဆက် ပေးမှာဖြစ်ပါတယ်။ ပရိသတ်များကျန်းမာကြပါစေ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #မေးခိုင်ရောဂါ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာ ရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေး အသိ ပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ်သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူး နေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများ ရယူနိုင် ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)