ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်
ရှမ်းမြောက်၊ မိုးမိတ်မြို့နယ်ရှိ စစ်ကော််မရှင်၏ လက်နက်ခဲယမ်းများ သိုလှောင်ထားသည့်ဂိုဒေါင်ကို တော် လှန်ရေးတပ်ဖွဲ့များက ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်များ ဝင်ရောက်နေရာယူထားသည့် ရွှေဇာလီကျေးရွာရှိ လက်နက်ခဲယမ်းသိုလှောင်ရုံ တစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်က ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရသည့်အတွက် ဂိုဒေါင်ပေါက်ကွဲပြီး စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးသူများကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“ထိခိုက်မှုများတယ်လို့တော့ သိတယ်။ သူတို့အုပ်စိုးထားတဲ့နေရာဆိုတော့ အတိအကျတော့မသိရဘူး။ ပေါက်ကွဲအသံတွေပြီးနောက်မှာ အလောင်းတွေသယ်ထုတ်တာတွေတော့ ရှိတယ်”ဟု မိုးမိတ်မြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်က ရွှေလီမြစ်ဆုံတံတားတွင် ခြေကုပ်ယူနိုင်ရန် ပြင်ဆင်နေပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ခြင်းမရှိသေးချိန်တွင် ယခုကဲ့သို့ တိုက်ခိုက်မှုများ ရှိလာခြင်းဖြစ်ကာ အဆိုပါ လက်နက် ခဲယမ်းဂိုဒေါင်သည် နမိတ်ချောင်း တစ်ဖက်ကမ်းတွင်ရှိပြီး စစ်ကော်မရှင်တပ်များ အများအပြားနေရာ ယူထားကြောင်း သိရသည်။
မိုးမိတ်မြို့တွင် ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၂၃၊ ခလရ ၂၇၆၊ ခလရ ၃၄၈ တို့ အခြေစိုက်ထား သည်။
TNLA အစောင့်အရှောက်ဖြင့် မိုးမိတ်နှင့် မိုးကုတ်ကို ဝင်ရောက်လာသည့် စစ်ကော်မရှင်သည် ၎င်းတို့၏ အုပ် ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ရန် ကြိုးပမ်းနေရပြီး မိုးကုတ်မြို့တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်ရေးဆိုင်ထားသည့် အနေအထားတွင် ရှိနေဆဲဖြစ်သည်။