ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၏ တပ်မှူးကြီးများအစည်းအဝေးကို ပြုလုပ်ခဲ့ပြီး စစ်ရေးရည်မှန်းချက်များ ချမှတ်ဆွေးနွေး ခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်နှင့် စစ်ရုံးချုပ်တာဝန်ရှိသူများ၊ အမှတ် (၁) စစ်ဒေသစစ်ဒေသမှူး၊ တိုင်းစစ်ဌာန ၁၀ ခုနှင့် အထူးလှုပ်ရှား တပ်မှူးများအပါအဝင် ပကဖရုံးချုပ် မှတာဝန် ရှိသူများပါ တက်ရောက်သည့် အစည်းအဝေးပွဲကို ၅ ရက်တိုင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် စစ်အခြေခံသဘောတရားများနှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော်၏ တာဝန်များ၊ စစ်ပွဲဆိုင်ရာ အခြေခံနိယာမများအပါအဝင် မဟာဗျူဟာမြောက် ခုခံစစ်နှင့် တန်ပြန်ထိုးစစ် စသည့်အချက်အလက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၅ စစ်ရေးသုံးသပ်ချက်များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ဘက်ခေါင်း ဆောင်များ လက်တွေ့လိုက်နာကျင့်သုံးရမည့် အခြေခံမူများ၊ ၂၀၂၆ ခုနှစ် အတွက် စစ်ရေးရည်မှန်း ချက်များကိုပါ တိုင်းစစ်ဌာနအလိုက်၊ တပ်မအလိုက် ဆွေးနွေးခဲ့ကြသည်။
၅ ရက်တာကြာမြင့်သည့် တပ်မှူးကြီးများအစည်းအဝေးတွင် တော်လှန်ရေးကို အောင်ပွဲသို့ အမြန်ဆုံး ရောက်ရှိစေမည့် အဆုံးအဖြတ်များ၊ ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည့် တပ်တည် ဆောက်ရေးနှင့် စစ်ရေးပြင်ဆင်မှုလုပ်ငန်းများအပြင် ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်ရမည့် စစ်ရေး ရည်မှန်းချက်နှင့် အစီအစဉ်များကိုပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-NUG-MOD