ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်

ပန်းတောင်းတပ်နယ်အတွင်းရှိ လက်လွှတ်ဆုံးရှူံးလိုက်ရသည့် ပွိုင့် ၆၆၆ စခန်းကုန်းသို့ စစ်ကြောင်း ထိုးတက်လာသည့် စစ်ကော်မရှင်၏စစ်ကြောင်းတစ်ခုလုံး တိုက်ခိုက်ခံရပြီး တပ်ပျက်သွားကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) တပ်ဖွဲ့မှ ဒုတိယအကြိမ်ပြန်လည်သိမ်းယူလိုက်သည့် ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစ-၁၆ ၏ ကာကင်းစခန်းကုန်း ပွိုင့် ၆၆၆ ကို ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက် နေ့လယ် ၁ နာရီခန့်တွင် AA က တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပျက်ပြီး ကစဉ့်ကလျားထွက်ပြေးကြကြောင်း သိရသည်။

“ပွိုင့် ၆၆၆ နဲ့ ကပစ ၁၆ ကြားမှာ စခန်းကသိပ်မကျန်တော့ဘူး။ စစ်တပ်က လက်နက်ကြီး ပစ်ကူတွေ တအားသုံးပြီး ရသလိုတက်လာနေတာ။ အဲဒါကို ပူးပေါင်းတပ်တွေဘက်က ကြားဖြတ်တိုက် နေတာ”ဟုစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံးပြီး စစ်သုံ့ပန်း ငါး ဦးကို AA က ဖမ်းဆီးသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

အင်အား ၁၀၀ ခန့်ပါသည့် အဆိုပါစစ်ကြောင်းမှာ ပွိုင့် ၆၆၆ စခန်းအနီးထိ ဝင်ရောက်လာချိန်တွင် AA က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကြောင်းပျက်သွားသည့် စစ်ကော်မရှင်တပ်သည် ဒရုန်းများဖြင့် ဗုံးကြဲ၍ စစ်ကြောင်း ၅ ကြောင်းခွဲကာ ပွိုင့် ၆၆၆ စခန်းအနီး ထပ်မံထိုးစစ်ဆင်လာသည်။

ထို့ပြင် ကပစ ၁၆ အနီးထိ AA ထိုးစစ်ရောက်ရှိလာသည့် အတွက်လည်း စစ်ကော်မရှင်က ဒရုန်း၊ ဂျက်ဖိုက်တာ၊ Y 12 များသုံး၍ လေကြောင်းမှ အလွန်အကျွံဗုံးကြဲတိုက်ခိုက်နေပြီး ညောင်ကျိုးဘက် ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့က ၆၆၆ ပွိုင့်ကုန်းကို AA နှင့်ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်သိမ်းယူပြီး ကာကင်းစခန်းများကိုဆက်လက်တိုက်ခိုက် သိမ်းယူထားနိုင်ပြီး ကပစ ၁၆ အနီးသို့ ဦးတည်လာကြောင်း သိရသည်။

ပုံစာ-နတ်ရေကန်တိုက်ပွဲ(ပုံဟောင်း)