ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်

ပါကစ္စတန်နိုင်ငံမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၃၁ ဦး သေဆုံးခဲ့ပြီး ၁၆၉ ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။

သောကြာနေ့မနက်ပိုင်း ဝတ်ပြုချိန်အတွင်း ပါကစ္စတန်နိုင်ငံရဲ့မြို့တော် အစ္စလာမ္မာဘတ်မြို့ ဆင် ခြေဖုံးဒေသရှိ ရှီးယိုက် ဝတ်ပြုဘုရားကျောင်းတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

အသေခံဗုံးခွဲမှုကို လုပ်ဆောင်ခဲ့တယ်လို့ IS အကြမ်းဖက်အဖွဲ့က ပြောကြားခဲ့ပေမယ့် တာလီဘန် အဖွဲ့က အိန္ဒိယနိုင်ငံအတွက် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာလို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက အ စောပိုင်းမှာ စွပ်စွဲခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ အိန္ဒိယနိုင်ငံက ပယ် ချခဲ့ပါတယ်။

ပါကစ္စတန်သမ္မတ အဆစ်အလီဇာဒါရီနဲ့ ဝန်ကြီးချုပ် ရှက်ဘတ်ဇ်ရှာရစ်ဖ်တို့က တိုက်ခိုက်မှုကို ရှတ်ချခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

“အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်တာဟာ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု တစ်ခု ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံက ဒီလိုခက်ခဲတဲ့အချိန်မှာ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ အတူရပ် တည်ပါတယ်” လို့ ဇာဒါရီက ပြောပါတယ်။

တိုက်ခိုက်မှုအတွက် အပြည့်အဝ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့နဲ့ တာဝန်ရှိသူကို ဖော်ထုတ်ကာ အပြစ် ပေးရမယ်လို့ ရှက်ဘတ်ဇ်ရှာရစ်ဖ်က ပြောပါတယ်။

ဝတ်ပြုသူတွေကို သေနတ်နဲ့ပစ်ခတ်ကာ အသေခံဗုံးခွဲသူကို ဟန့်တာဖို့ ဝတ်ပြုဘုရားကျောင်းမှ အ စောင့်တွေက ကြိုးပမ်းခဲ့တယ်လို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာမူဟမ်မက်အဆစ်က လူမှုကွန် ရက် X မှာ ရေးသားခဲ့ပါတယ်။

အိန္ဒိယနဲ့ တာလီဘန်အဖွဲ့ကြား မဟာမိတ်ပြုမှုကို ဖော်ထုတ်နေပြီး ပါကစ္စတန်နိုင်ငံက အင်အား ပြည့် လက်တုံ့ပြန်မယ်လို့ ၎င်းက ဆိုပါတယ်။

“ပါကစ္စတန်နိုင်ငံရဲ့ အခြေအမြစ်မရှိ စွပ်စွဲမှုအားလုံးကို အိန္ဒိယနိုင်ငံက ပယ်ချပါတယ်” လို့ အိန္ဒိယ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တာလီဘန်အဖွဲ့ အာဏာရလာခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ စစ်သွေးကြွတွေကို လက်ခံထား တယ်လို့ ပါကစ္စတန်နိုင်ငံက မကြာခဏ စွပ်စွဲပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်ခိုက်မှုမှာ ပါဝင်မှုမရှိကြောင်း ငြင်းဆန်ခဲ့ပြီး ဝတ်ပြုဘုရားကျောင်းတွေကို တိုက်ခိုက်မှုဟာ အစ္စလာမ်တန်ဖိုးတွေကို ဆန့်ကျင်နေတယ်လို့ ရှတ်ချခဲ့ပါ တယ်။

ကိုးကား – Sky News
Ref; Pakistan suicide bombing leaves at least 31 dead and 169 injured