‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၇ ရက်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်အရှိန်မြှင့်တင်လိုက်သည့် ဗန်းမော်မြို့တိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှာ တန်ပြန်ထိုးစစ်ဆင်နိုင်ခြင်း မရှိတော့ဘဲ လာရောက်တိုက်ခိုက်မှုများကိုသာ ခံစစ် အသေဖြင့် ခုခံနေရကြောင်း သိရသည်။

 

ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၂၁ အတွင်းသို့ အင်အားလျော့နည်းလာသည့် တပ်ရင်းအသီးသီးမှ တပ်မိသားစုဝင်များကိုပါ ရွှေ့ပြောင်းစုစည်းထားရကြောင်း စစ်ရေးသတင်း ရင်းမြစ်များ ထံမှ သိရသည်။

“အရင်လို တန်ပြန်ထိုးစစ်တွေ မလုပ်နိုင်တော့ဘူး။ KIA လာတိုက်တာကိုပဲ အသည်းအသန် ခုခံရတဲ့ အနေအထားဖြစ်နေပြီ” ဟု CDMဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဗန်းမော်ရှိ စစ်ကော်မရှင်၏ ခလရ ၄၇၊ စစန ၆၄၁၊ ထပရ ၉၃၃တပ်များမှာ အင်အားလျော့နည်းသွားပြီး KIA ထိုးစစ်ဆင်မှုကို အပြင်းအထန်ခုခံနေရသည်။စစ်ကော်မရှင်၏ မြေပြင်ထိုးစစ်ရပ်တန့် သွားသည့် အတွက် လေကြောင်းအားပြုကာတိုက်ခိုက်နေပြီး ဒရုန်းများသုံး၍ ဗုံးကြဲမှုများကို အစဉ်တစိုက် ပြုလုပ်လျက်ရှိသည်။

ဗန်းမော်စစ်မျက်နှာတွင် စစ်ရေးရှုံးနိမ့်နေမှုများကြောင့် စစ်ကော်မရှင်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဒုတိုင်းမှူးကို ဖမ်းဆီးစစ်ဆေးနေသလိ စစ်စခန်းစွန့်ခွာထွက်ပြေးမှုများအတွက် စစ်ရေးဗိုလ်မှူးကြီး တစ်ဦးနှင့် အဖွဲ့ကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။

 

ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)