တောင်ငူ ၊ (ဧရာဝတီတိုင်းမ်)
ဖေဖော်ဝါရီ ၇ ရက်

တောင်ငူတွင် စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး တစ်ဦး နှင့် စစ်တပ်သတင်းပေးတစ်ဦးတို့ ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ငူမြို့နယ် ၊ နေပူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်အား နေအိမ်တွင် ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေ ငါးနာရီခန့်တွင် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနောက် ဖေဖော်ဝါရီ ၅ ရက် ၊ ညနေ ခုနှစ်နာရီဝန်းကျင်ခန့်တွင်လည်း တောင်ငူမြို့နယ် ၊ ရွှေလေးအင်းကျေးရွာအုပ်စု ၊ ပိတောက်ကုန်းကျေးရွာနေ စစ်တပ်သတင်းပေး ဇော်နိုင်သန်း အား ဖမ်းဆီးရာ ထွက်ပြေးသောကြောင့် ပိတောက်ကုန် ဘောလုံးကွင်းတွင် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

“တောင်ငူမြို့ အရှေ့ဘက် ငါးမိုင်ကစပြီး PDF စိုးမိုးနယ်မြေ ၊ အနောက်ဘက်လည်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး အနောက်ဘက် ကနေ ပဲခူးရိုးမအထိ PDF စိုးမိုးနယ်မြေ ဖြစ်ပါတယ်။ PDF စိုးမိုးနယ်မြေတွေက တောင်ငူ ကို ပတ်လည်ဝိုင်းထားသလိုပါပဲ။ အချို့ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူး လုပ်မယ့်သူ မရှိကြဘူး” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တောင်ငူတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး နှင့် စစ်တပ်သတင်းပေးများ ၁၀ ဦးထက်မနည်း ရှင်းလင်းခံခဲ့ရကြောင်း သိရသည်။