ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်
ထိုင်းနိုင်ငံတွင် အထက်တန်းလွှာ ရေပေါ်ဆီတစ်စု၏ အာဏာထိန်းချုပ်ထားမှုများကို ဖယ်ရှားနိုင်ရန် လာမည့်ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ မဲ သန်း ၂၀ လိုအပ်ကြောင်း ပြည်သူ့ပါတီ (People’s Party) ခေါင်းဆောင် နတ်တဖွန်း(Natthaphong Ruengpanyawut) က ပြောဆိုခဲ့သည်။
လက်ရှိပါတီခေါင်းဆောင် နတ်တဖွန်းနှင့် ယခင် Move Forward ပါတီခေါင်းဆောင်ဟောင်း ဖိထာတို့သည် “Change” ဟူသည့် မဲဆွယ်စည်းရုံးရေးဆောင်ပုဒ်ဖြင့် ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့က ကျင်းပသည့် လူထောင်ပေါင်းများစွာတက်ရောက်ခဲ့သော မဲဆွယ်စည်းရုံးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
People’s Party အနေဖြင့် ရွေးကောက်ပွဲတွင်အနိုင်ရရှိပါက စစ်မှန်သည့်တိုးတက်မှုများကိုသာ သယ်ဆောင်လာပေးမည်ဖြစ်ပြီး ပြည့်သူ့အသံကသာ ထိုင်းနိုင်ငံ၏ အနာဂတ်ကို သေချာပုံဖော် နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပထမ သုံးလအတွင်းမှာ တိကျသေချာတဲ့မူဝါဒတွေကို စတင်အကောင်အထည် ဖော်ဖို့ စီစဉ်ထားပြီး လေးနှစ်တာကာလမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်း တွေအတွက် ဘတ် ၁၀၀ ဘီလီယံကျော် ရရှိရေးနဲ့ အားလုံးရဲ့ဘဝတွေကို အရည်အသွေးမြှင့်တင်ပေးနိုင်ဖို့ ကတိပြုပါတယ်” ဟု ပါတီခေါင်းဆောင်နတ်တဖွန်းက ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၎င်းက ထိုင်းလူမျိုးတိုင်း၏ လက်ထဲတွင်ရှိသည့်အာဏာမှာ ထိုင်းနိုင်ငံ၏အနာဂတ်ကို အဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မဲဆွယ်စည်းရုံးရေးစုဝေးပွဲတွင် Move Forward ပါတီမှ ကိုယ်စားလှယ်ဟောင်းများနှင့် လက်ရှိ People’s Partyခေါင်းဆောင်များမှ ပြည်သူ့ကိုယ်စားပြုအစိုးရ တစ်ရပ်ဖြစ်ရန် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြကြောင်း သိရသည်။
လာမည့် ထိုငိးရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံရေးပါတီအသီးသီးက နည်းလမ်းမျိုးစုံဖြင့် မဲဆွယ် စည်းရုံးရေးများ ပြုလုပ်လျက်ရှိကြောငိးသိရသည်။

ဒီမိုကရတ်ပါတီ (Democrat Party) ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် အဘီဆစ်က ဒီမိုကရက် ပါတီသည် ထိုင်းနိုင်ငံကို အဓိကအကျပ်အတည်း ၅ ခုတွင်ပါနေသည့် အကျင့်ပျက်ခြစားမှု၊ စီးပွားရေး မညီမျှမှု၊ ပြင်ပခြိမ်းခြောက်မှုများ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အလားတူ ဝန်ကြီးချုပ်ဟောင်းသက်ဆင်မိသားစု၏ပါတီဖြစ်သည့် ဖွေထိုင်းပါတီကလည်း ရှပ်နီ ထောက်ခံသူများအနေဖြင့် ဖွေထိုင်းပါတီကိုမဲပေးကြရန်နှင့် ယော့ချနန်း ဝေါင်စဝပ် (Yodchanan Wongsawat) ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံကြရန်လည်း ပြောဆိုခဲ့သည်။
ဘွမ်ဂျိုင်ထိုင်းပါတီမှ လက်ရှိဝန်ကြီးချုပ်အနုထင်ကလည်း ၎င်းအနေဖြင့်နိုင်ငံကို ဆက်လက်အုပ်ချုပ်ရန် အသင့်ရှိကြောင်း၊ ထိုင်းနိုင်ငံသည် အလက်ရှိအခြေအနေတွင် တွေ့အကြုံရှိသည့်နိုင်ငံရေးသမားကိုသာ လိုအပ်နေပြီး အဆင်သင့်မဖြစ်သေးသူများအတွက် စမ်းသပ်ရာနေရာမဟုတ်ကြောင်းလည်း ရွေးကောက် ပွဲအတွက် ပါတီ၏ နောက်ဆုံးစုဝေးပွဲတွင်ပြောဆိုခဲ့သည်။
လက်ရှိတွင် လာမည့်ရွေးကောက်ပွဲကြောင့် ထိုင်းနိုင်ငံအတွင်း အရင်ရောင်းချခွင့်ပိတ်ပင် ထားသည့် အတွက် ဘားများ၊ စားသောက်ဆိုင်များမှာ အရောင်းပါးနေပြီး အရက်ဝယ်ယူမရသည့် ကမ္ဘာလှည့် ခရီးသည်များမှာလည်း စိတ်ပျက်မှုများဖြစ်ပေါ်နေကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ကိုးကား – The Nation Thailand