ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် လူငယ်နှစ်ဦးသည် အဆောက်အဦအပေါ်ထပ်မှ ခုန်ချထွက်ပြေးရန် ကြိုးပမ်းစဉ် တစ်ဦးမှာ ခါးရိုးကျိုးကာ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါလူငယ်နှစ်ဦးသည် ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက် ညပိုင်းတွင် ချုပ်နှောင်ခံထားရသည့် ရုံးအဆောက်အဦအပေါ်ထပ်မှ ခုန်ချထွက်ပြေးခဲ့ခြင်းဖြစ်ပြီး တစ်ဦးမှာ နေရာတွင်ပင် ခါးရိုးကျိုးဒဏ်ရာ ပြင်းထန်စွာရရှိကာ ယနေ့ ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ဖြစ်သည့် Hlaing info ထံမှ သိရသည်။

“ထွက်ပြေးဖို့ ကြိုးစားရင်း အပေါ်ထပ်က ခုန်ချတာ။ တစ်ယောက်က လက်ကျိုးတယ်။ ခါးကျိုးတဲ့ကလေးကတော့ ဒီမနက်ပဲ ဆုံးသွားပြီ”ဟု မြို့နယ်နေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လှိုင်မြို့နယ်၊ (၁၁) ရပ်ကွက်ရုံးသည် ရွှေဟင်္သာလမ်းရှိ Mini Condo တစ်ခုအနီး လမ်းသွယ် အတွင်း တည်ရှိပြီး လေးထပ်တိုက် အဆောက်အဦဖြစ်ကာ ၎င်းတိုက်၏ အပေါ်ဆုံးထပ်တွင် လူငယ်များ ကို အချုပ်ခန်းပုံစံဖြင့် ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျန်ရှိသည့် လူငယ်တစ်ဦးမှာလည်း လက်ကျိုးဒဏ်ရာဖြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် လှိုင်မြို့နယ်အတွင်းရှိ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးကာ အဆိုပါတိုက်ပေါ်တွင် ချုပ်နှောင်ထားလေ့ရှိပြီး၊ ထိုမှတစ်ဆင့် စစ်မှုထမ်းသင်တန်းကျောင်း များသို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ပုံစာ-ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် အမှတ်စဉ်(၁၇)စစ်မှုထမ်းသင်တန်း တက်ရောက်ရန် စုဆောင်းခြင်း ခံထားရသူများကိုတွေ့ရစဉ်