ဧရာဝတီတိုင်းမ်
(မြစ်ကြီးနား) ၊ ဖေဖော်ဝါရီ ၇ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ အထင်ကရ ဂျပန်တံတားပေါ်တွင် ဖြစ်ပွားခဲ့သော လုပ်ငန်းရှင်တစ်ဦး သတ်ဖြတ်ခံရမှု၌ ရဲတပ်ဖွဲ့သည် လာဘ်ငွေယူ၍ အမှုမှန်ကို ဖုံးကွယ်ရန် ကြိုးပမ်းနေကြောင်း မြို့ခံများနှင့် ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
လွန်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်ည) ၁၀ နာရီဝန်းကျင်တွင် Myanmar Maker Home ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးဇော်မိုးအောင်သည် တပ်ကုန်းရပ်ကွက်နှင့် စီတာပူရပ်ကွက်အကြားရှိ ဂျပန်တံတားပေါ်၌ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးထားသော်လည်း နောက်ကွယ်မှ စေခိုင်းသူကို ထိန်ချန်ထားကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။

“သူတို့က ဆက်မစစ်ချင်လည်း ရပ်လို့ရတဲ့ အနေအထားမျိုး ဖန်တီးထားတာဗျ။ တရားလိုရှိတယ်၊ တရားခံမိတယ်၊ ဝန်ခံချက်ရပြီဆိုတော့ တရားရုံးအမှုတင်လို့ရပြီပေါ့။ ဒါပေမဲ့ ဒီကောင်တွေကို ဘယ်သူခိုင်းတယ်ဆိုတာ တစ်မြို့လုံးသိနေတာပဲ။ ဒါကို စခန်းမှူးက လာဘ်ငွေယူပြီး ဆက်မစစ်တော့ဘဲ ထိန်ချန်ထားတာ” ဟု အမည်မဖော်လိုသည့် ရဲဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါအမှုကို မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထင်ကျော် က ကိုင်တွယ်နေခြင်းဖြစ်ပြီး စေခိုင်းသူများထံမှ လာဘ်ငွေအမြောက်အများ ရယူထားကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများရှိကြောင်းသိရသည်။
“ဒီအမှုက အမှုသွားအမှုလာ ကောင်းတယ်။ အပေါ်ယံတရားခံမိထားတော့ ပိုက်ဆံတောင်းလို့ အရမ်းကောင်းတဲ့ အကွက်မျိုးဖြစ်နေတာ။ ဒီလူသတ်မှုမှာ စခန်းမှူးထင်ကျော်ပဲ ထောတော့မှာဗျ” ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် မြစ်ကြီးနားမြို့၌ တရားဥပဒေစိုးမိုးမှု ယိမ်းယိုင်လာပြီး လုယက်မှု၊ မုဒိမ်းမှု၊ လူသတ်မှုနှင့် အလောင်းဖျောက်မှုများအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများပါ ပေါ်ပေါ်ထင်ထင် ရှိလာခဲ့သည်။ ယခုကဲ့သို့ လူသတ်မှုများ၌ပင် ရဲတပ်ဖွဲ့ကိုယ်တိုင်က လာဘ်ငွေယူ၍ အမှုမှန်ကို ဖုံးကွယ်နေခြင်းကြောင့် ပြည်သူလူထုအတွင်း လုံခြုံရေးအတွက် စိုးရိမ်မှုများ ပိုမိုမြင့်တက်နေကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။