ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် မကြာမီလွတ်လာမည်ဟု မျှော်လင့်ယုံကြည်ရင်း ကွယ်လွန်ခဲ့ဟုဆို
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်
မြန်မာ့အာဇာနည် မျိုးဆက်ဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အသက်ကယ်လှေကို ဦးဆောင်သူ ဒေါက်တာစိန်ဝင်း ကွယ်လွန်မှုသည် တော်လှန်ရေးအတွက် ဆုံးရှုံးမှုဖြစ်ပြီး ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် မကြာမီလွတ်လာမည်ဟု မျှော်လင့်ယုံကြည်ရင်း ကွယ်လွန်ခဲ့ရကြောင်း လုပ်ဖော်ကိုင်ဖက်များနှင့် ခင်မင်ရင်းနှီးသူတို့ထံက သိရသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ်ဟောင်း၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ကိုယ်စားလှယ် ဒေါက်တာစိန်ဝင်းသည် အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်တွင် ဖေဖော်ဝါရီ ၆ ရက်၊ နံနက်ပိုင်း၌ ကွယ်လွန်သွားခဲ့သည်။
ဒေါက်တာစိန်ဝင်းသည် လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်ပေးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏သား၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တူလည်းဖြစ်သည်။
ဒေါက်တာစိန်ဝင်းသည် ရိုးသားဖြောင့်မတ်သော နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို နိုင်ငံခြားရေး သံတမန်ထိုးဖောက်မှုများ အထိုက်အလျောက် အောင်မြင်အောင် ကူညီပေးခဲ့ကြောင်း ခင်မင်ရင်းနှီးသူတစ်ဦးက ဆိုသည်။

“အခုဆရာကွယ်လွန်တာဟာ ကျွန်တော်တို့အတွက် ဆုံးရှုံးမှုတစ်ရပ် ဖြစ်တယ်။ ရိုးသားတည်ကြည် ဖြောင့်မတ်တဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဆုံးရှုံးသွားတာ။ ဒေါ်အောင်ဆန်းစုကြည် မကြာခင် လွတ်လာလိမ့်မယ်လို့ သူမျှော်လင့် ယုံကြည်ရင်းနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်တယ်” ဟု NLD ပါတီ ဗဟိုကော်မတီနှင့် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးငြိမ်းသစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
NLD ပါတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲဖြစ်သူ ဒေါက်တာစိန်ဝင်းသည် လက်ရှိနွေဦးတော်လှန်ရေးအတွက် ကျန်းမာရေး မကောင်းသည့်တိုင် စွမ်းစွမ်းတမံ၊ မားမား မတ်မတ် ရပ်တည်ကြိုးပမ်းခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၈၃) နှစ်ရှိပြီဖြစ်ကာ ဇနီးဖြစ်သူဒေါ်စီစီနှင့် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ဒေါက်တာစိန်ဝင်းသည် ၁၉၈၉-၁၉၉၀ ခုနှစ်ကာလတွင် NLD ပါတီ အသက်ကယ်လှေကို ခေါင်းဆောင်ခဲ့သူဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောတူညီမှုအရ အရံပါတီ (အသက်ကယ်လှေ)ဖြစ်သော အမျိုးသားဒီမိုကရေစီပါတီအား ဒေါက်တာစိန်ဝင်း၊ ဦးစိုးဝင်းနှင့် ဦးသိန်းဦးတို့အပါအဝင် ခုနစ် ဦးဖြင့် ဖွဲ့စည်းမှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်ပြိုင် အနိုင်ရခဲ့ကြောင်း သိရသည်။
ထိုစဉ်က NLD ခေါင်းဆောင်တွေကို ဖမ်းဆီး၍ ပါတီကို ဖျက်သိမ်းရန် အလားအလာများ တွေ့လာရသဖြင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စာရေးဆရာမောင်သော်က (ရေတပ်ဗိုလ်မှုးဟောင်း)မှ “သင်္ဘောနစ်ရင် အသက်ကယ်လှေ ရှိဖို့လိုတယ်၊ NLD ပါတီ ဖျက်သိမ်းခံရရင် အသက်ကယ်ဖို့အတွက် အရံပါတီလိုအပ်တယ်”ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းနောက် အမျိုးသားဒီမိုကရေစီပါတီဟူ၍ ဒေါက်တာစိန်ဝင်းအပါအဝင် ခုနစ် ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးနေရာ ဝင်ရောက်အရွေးခံရာ ဒေါက်တာစိန်ဝင်း၊ ဦးစိုးဝင်းနှင့် ဦးသိန်းဦးတို့ သုံးဦးစလုံး အနိုင်ရခဲ့ကြောင်း ပဲခူးတိုင်းစည်းရုံးရေးအဖွဲ့ဝင်ဟောင်း ဒေါက်တာသိန်းလွင်က ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
စစ်အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ ကိုယ်စားလှယ်အများအပြားအား ဖမ်းဆီးသောကြောင့် NCGUB ဖွဲ့စည်းကာ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှ အနိုင်ရသော ဒေါက်တာစိန်ဝင်းကို ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခဲ့ပြီး ၎င်းတို့သည် ကုလသမဂ္ဂ၌ မြန်မာ့အရေးဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
“အခုလိုမျိုး မားမားမတ်မတ် ရပ်တည်ပြီး ဆောင်ရွက်ပေးတဲ့ ဆရာဒေါက်တာစိန်ဝင်း ကွယ်လွန်တာဟာ နွေဦးတော်လှန်ရေးအတွက်၊ အမေရိကန်မှာရှိ မြန်မာတိုင်းရင်းသား မိသားစုတွေအားလုံးအတွက် ဝမ်းနည်းကြေကွဲစရာ ဖြစ်ပါတယ်” ဟု ကဗျာဆရာ၊ ဒါရိုက်တာလည်းဖြစ်သော NLD ပါတီ ဗဟိုကော်မတီနှင့် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးငြိမ်းသစ်က ဆက်လက်ပြောသည်။
ထို့အတူ NUG ကလည်း ၎င်းတို့အနေဖြင့် မိသားစု၊ မိတ်ဆွေများနှင့်အတူ ထပ်တူထပ်မျှ အထူးပင် ဝမ်းနည်းကြေကွဲရပြီး အာဏာရှင်စနစ်အောက် အသံမထွက်နိုင်သော မြန်မာပြည်သူတို့၏အသံ၊ ဆန္ဒနှင့် မြန်မာ့ဒီမိုကရေစီအရေးကို နိုင်ငံတကာစာမျက်နှာတွင် တာဝန်ယူကိုယ်စားပြု ဖော်ဆောင်မှုအား ဆယ်စုနှစ် နှစ်ခုကျော်ကြာ ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ထုတ်ပြန်သည်။
ဒေါက်တာစိန်ဝင်း၏ နိုင်ငံရေးအရ တရားဝင်မှုကို လက်ကိုင်စွဲကာ အမှန်တရားဘက်မှ ရပ်တည်ခဲ့သော လုပ်ရပ်များသည် NUG နှင့် တော်လှန်ရေး အင်အားစုများ လျှောက်လှမ်းနေသော လမ်းကြောင်းအတွက် ခိုင်မာသော အခြေခံအုတ်မြစ်များဖြစ်ပြီး ၎င်း၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုနှင့် နိုင်ငံအပေါ်ထားသည့် သစ္စာတရားတို့ကို NUG က အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဖော်ပြသည်။
ယင်းအပြင် ၎င်းကွယ်လွန်ခြင်းသည် မြန်မာ့ဒီမိုကရေစီ တိုက်ပွဲအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး ဒေါက်တာစိန်ဝင်း၏ ရည်မှန်းချက်ဖြစ်သည့် အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများကို NUG အနေဖြင့် ဆက်လက်အားသွန်ခွန်စိုက် ကြိုးပမ်းသွားမည်ဟု ကတိသစ္စာပြုကြောင်း သဝဏ်လွှာပေးပို့သည်။
ဓာတ်ပုံ- လူမှုကွန်ရက်