ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မရပ်တန့်သရွေ့ မကြာသေးမီက ကျင်းပခဲ့တဲ့ စစ်အုပ်စု ရွေး ကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမှာမဟုတ်ဘဲ မြန်မာ့အရေးမှာ အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက်ကိုသာ ဆက်လက်ဆုပ်ကိုင်သွားမယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုက ဖေဖော်ဝါရီ ၆ ရက် နေ့မှာ ထပ်လောင်းပြောကြားလိုက်ပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းပဋိပက္ခမှာ နစ်မွန်းနေတဲ့ မြန်မာနိုင်ငံသို့ လူသားချင်းစာ နာမှုဆိုင်ရာ အကူအညီတွေပေးအပ်ရေး အဆိုပြုချက်လိုမျိုး အချို့သော အပြောင်းအလဲတွေနဲ့ပတ်သက် လို့ ဆွေးနွေးမှုတွေ ရှိလာနိုင်တယ်လို့ ၎င်းက ဆိုပါတယ်။

“ပြောင်းလဲမှုတော့ မရှိပါဘူး။ ဘုံသဘောတူညီချက် ၅ ချက်ဟာ မြန်မာ့အရေးမှာ ကျွန်မတို့ ကိုင် တွယ်ဖြေရှင်းမယ့် အခြေခံအုတ်မြစ်အဖြစ် ဆက်ရှိနေမှာပါ။ ဒါပေမဲ့ နောက်ပိုင်းအဆင့်တွေမှာတော့ မူဝါဒ ဆိုင်ရာ ပြန်လည်ချိန်ညှိမှုတွေ ဖြစ်နိုင်ခြေရှိတဲ့ ထုတ်ပြန်ချက်မျိုးတွေ ရှိလာနိုင်တယ်လို့ ကျွန်မပြောချင် ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

စင်ကာပူနိုင်ငံရှိ ISEAS – Yusof Ishak Institute မှာ ပြုလုပ်တဲ့ ၂၀၂၆ ခုနှစ် အာဆီယံအဖွဲ့အလှည့် ကျဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူမယ့်အကြောင်း ဟောပြောပွဲအပြီး အမေး/အဖြေကဏ္ဍမှာ အ ခုလို ပြောကြားခဲ့တာပါ။

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်သူ လာဇာရိုက အဆိုပါ အ ပြောင်းအလဲတွေနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေဟာ ပြီးခဲ့တဲ့အပတ်က ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမတိုင်မီ စစ်အုပ်စုအပါအဝင် အခြားသော နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ တဲ့ ရလဒ်တွေလို့ ၎င်းက ဆိုပါတယ်။

မည်သို့သော ဖြစ်ထွန်းတိုးတက်မှုတွေ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက် ကို ပြန်လည်သုံးသပ်စေနိုင်သလဲလို့ မေးမြန်းရာမှာ “အကြမ်းဖက်မှုတွေ ရပ်တန့်ခြင်းက အာဆီယံအနေနဲ့ ကြည့်ရှုစစ်ဆေးမယ့် အခြေခံအကျဆုံးအချက် ဖြစ်လိမ့်မယ်” ဟု သူက ဖြေကြားခဲ့ပါတယ်။

“ဒါဟာ တဖြည်းဖြည်း ပြောင်းလဲဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တစ်ခုလို့ပဲ ကျွန်မ ပြောနိုင်ပါတယ်။ မြန် မာစစ်တပ်ကတော့ ရွေးကောက်ပွဲအပြီးမှာ အခြေအနေတွေ ပိုကောင်းလာနိုင်တယ်လို့ ယူဆနေပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အဲဒီလို လက်တွေ့ကျတဲ့ အပြောင်းအလဲတွေကို မမြင်ရသရွေ့ မြန်မာနိုင်ငံမှာ စစ်တပ်လုပ်ဆောင်ခဲ့သမျှ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို အသိအမှတ်ပြုမှာ မဟုတ်ပါဘူး” လို့ လာဇာရိုက ပြောပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ပြောင်းလဲမှုနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရာထူးကို နှစ်စဉ် အလှည့်ကျ ပြောင်းလဲနေမယ့်အစား လုပ်ငန်းစဉ်တွေ အဆက်မပြတ်စေဖို့ သက်တမ်း ရှည် တာဝန်ယူမယ့် အထူးကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ဖို့ သူက အဆိုပြုခဲ့ပါတယ်။

ကိုးကား – The Straits Times
Ref; ASEAN chair says no change to stance on Myanmar, even as questions persist