ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဖေဖော်ဝါရီ ၆ ရက်

 

ကရင်နီပြည်နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၅ ရက်မှစ၍ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဖရူဆို- ထားလဲ- နန်းဖဲ-ဘောလခဲ လမ်းမကြီးကို အသုံးမပြုကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ခဲ့သည်။

 

ဒီးမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲ လမ်းမကြီး နှင့် လမ်းမကြီးပေါ်ဖြတ်သန်းသွားသည့် လမ်းသွယ်များအားလုံးကို မြေပြင်စစ်ရေးအခြေအနေအရ အ‌ရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားကြောင်းလည်း KNDFက ထုတ်ပြန်ထားသည်။

 

“စစ်ကော်မရှင်တပ်တွေကတော့ဖရူဆိုကနေ ဘောလခဲကိုစစ်ကြောင်းထိုးတယ်ပေါ့နော် ထို့နည်းတူစွာပဲ ဘောလခဲကနေဖားဆောင်းဘက်ကိုလည်းထိုးတော့ ဘောလခဲ-ဖရူဆိုကြား၊ ဘောလခဲ-ဖားဆောင်းကြားမှာတော့ ထိတွေ့တိုက်ပွဲတွေကဆော့ပုံမှန်ဖြစ်ပွားနေတယ်ပေါ့နော်” KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ စစ်ကြောင်းများမှာ ဖရူဆို-ထားလဲ လမ်းမကြီးပေါ်နှင့် နန်းဖဲကျးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့်အတွက် နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံပြည်သူများအသုံးပြုနေသည့် အဓိကလမ်းများနှင့်နီးစပ်နေသည့်အတွက် ယခုကဲ့သို့ အသုံးမပြုကြရန် သတိပေးခြင်းဖြစ်ကြောင်း KNDFက ပြောဆိုထားသည်။

 

“ဗုံးကြဲတာတွေရှိတယ်ပေါ့နော် ဗုံးကြဲတာတွေက မယ်စဲ့မြို့နယ်ထဲမှာရော ဖားဆောင်းမြို့နယ်ထဲမှာရော ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ အရပ်သားပြည်သူတွေထိခိုက်တာတွေရှိတယ် ဖယ်ခုံမှာဆို လက်နက်ကြီးနဲ့တိုက်ခိုက်တာတွေရှိတယ်” ဟု တာအယ်စိုးက ဆက်လက်ပြောသည်။

 

ယမန်နေ့ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း မော်ချီးဒေသသို့ စစ်ကော်မရှင်က အကြောင်းမဲ့‌လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အသက် ၇၀ ကျော်အဖွားအိုတစ်ဦး သေဆုံးခဲ့ပြီး အရပ်သား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ဓာတ်ပုံ – KNDF