ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်

 

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၆ ကို ဦးတည်လာသည့် အာရက္ခတပ်တော် (AA) ထိုးစစ်ကြောင့် စစ်ကော်မရှင်တပ်မှ အပြင်းအထန် ခုခံနေရကြောင်း သိရသည်။

 

ကပစ-၁၆ ၏ ကာကင်းစခန်းကုန်း သိမ်းခံရပြီးနောက် အနီးတစ်ဝိုက်ရှိကာကင်းများပါ ဆုံးရှုံးနေရသည့် စစ်ကော်မရှင်က လေကြောင်းမှ Y 12၊ ဂျက်ဖိုက်တာတို့အပြင် စက်တပ်လေထီး ပါရာမော်တာများ ပါသုံး၍ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“ညောင်ကျိုးဒေသမှာ အာရက္ခတပ်အပြင် တော်လှန်ရေးတပ်တွေအများကြီး ပူးပေါင်းစစ်ဆင်ရေး လုပ်နေကြပါတယ်။ ကပစ ၁၆ နားကိုကပ်လာပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။

 

AA နှင့်ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့က ၆၆၆ ပွိုင့်ကုန်းကို ထိုးစစ်ဆင်သိမ်းယူပြီး ကာကင်းစခန်း ငါး ခုအထိ သိမ်းယူထားသည်။ထို့ပြင် AA ထိုးစစ်မှာ ကပစ ၁၆ နှင့် ၃ မိုင်အကွာထိ‌နီးကပ်လာပြီဖြစ်သည့်အတွက် မြေပြင်စစ်ကြောင်းများ ထိုးစစ်ဆင်၍ မရနိုင်သည့် အခြေ အနေကြောင့် လေကြောင်းမှ အဓိကထား ခုခံနေရခြင်းဖြစ်‌ကြောင်း သိရသည်။

 

လက်ရှိတွင် စစ်ကော်မရှင်သည် ရခိုင်ပြည်နယ် အပြင်ဘက်ရှိ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ မကွေးတိုင်း သုံး တိုင်း တွင်ပါ AA ကိုရင်ဆိုင်နေရ၍ ထိုးစစ်၊ ခုခံစစ်များနှင့် လေကြောင်းအလွန်အကျွံအသုံးပြုခြင်းကြောင့် စစ်အင်အားပြုန်းတီးလျက်ရှိပြီး စစ်မှုထမ်းတပ်သားသစ်များကို အင်အားအလုံးအရင်းဖြင့် ရှေ့တန်း စစ်မျက်နှာပြင်ကို ပို့ဆောင်နေရသည်။

 

ဓာတ်ပုံ-AA Info Desk