ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်

 

ယခုလပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးမြင့်လာပြီးနောက် ပြည်တွင်းရွှေဈေးချက်ချင်းလိုက်ပါမြင့်လာကာ ရွှေဈေးနှုန်းမြင့်တက်မှုအပေါ်ဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ပြုသည်ဆိုကာ YGEA အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသူဝင်းနှင့် ဦးနေမျိုးထက်တို့အဖမ်းခံရ၍ ယနေ့ ပြည်တွင်းအကယ်ဒမီရွှေ တစ်ကျပ်သား ကျပ်သိန်း တစ်ရာကျော်ရှိနေဆဲဖြစ်ကြောင်းသိရသည်။

 

စစ်ကော်မရှင်ထိန်းချုပ်ထားသည့်ရွှေရည်ညွှန်းဈေးသည် အကယ်ဒမီ ရွှေကျပ်သားလျှင် ကျပ် ၆၉ သိန်းသတ်မှတ်ထားရာ ပြင်ပပေါက်ဈေးနှင့် ကျပ်သိန်း ၃၀ ခန့်ကွာဟနေခြင်းဖြစ်သည်။

 

အဆိုပါစစ်ကော်မရှင်သတ်မှတ်ဈေးဖြင့် ရွှေအရောင်းအဝယ်မပြုလုပ်ဘဲ ရွှေဈေးနှုန်းမြင့်တက်စေရန် ရွှေတုံးရွှေခဲများကိုဝယ်ယူပြီး တရားမဝင်သိုလှောင်ရောင်းချခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းရှိသဖြင့် YGEA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် ( သိန်းသန်းစိန်ရွှေရတနာဆိုင်) ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသူဝင်း ( အကယ်ဒမီရွှေဆိုင်) နှင့် အတွင်းရေးမှူး ဦးနေမျိုးထက် ( ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို တည်ဆဲဥပဒေများဖြင့် ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း စစ်ကော်မရှင်ထုတ်ပြန်သည်။

“ရွှေဈေးက သိန်းတစ်ရာစွန်စွန်းပဲ။ တစ်ရာ့နဲ့ သုံးသိန်း။ ၁၆ ပဲရည်ကတော့ သိန်း ၉၀ ကျော်တစ်ရာလောက်ရှိတယ်။ အခုလည်းရွှေတွေအရောင်းအဝယ်လုပ်နေတာ ဒီဈေးနဲ့ပဲ။ ရောင်းတဲ့သူတော့များတာပေါ့။ ဒီရွှေဈေးနဲ့ဘယ်သူ့မှ ရွှေထည်လုပ်မဝတ်ကြတော့ဘူး။ ရှိတာပဲရောင်းကြတာ “ ဟု မြောက်ဥက္ကလာရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

 

အဆိုပါဖမ်းဆီးခံရသူများသည် ထိပ်တန်းရွှေဆိုင်လုပ်ငန်းရှင်များဖြစ်ပြီး ဦမျိုးမြင့်သည် ၂၀၂၆ ဇန်နဝါရီလအတွင်း အလေးချိန် စုစုပေါင်း ၇၀ ကျပ်သားရှိအခေါက်ရွှေဆုံး ရှစ်တုံးသိုလှောင်ထားမှု၊ ဦးမျိုးသူဝင်းက ၂၀၂၅ ဒီဇင်ဘာမှ ၂၀၂၆ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားကို ၉၅၀ ကျပ်သားအားအမြတ်ယူရောင်းချမှုနှင့် ဦးနေမျိုးထက်က ၂၀၂၅ ဒီဇင်ဘာမှ ၂၀၂၆ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားကို ၂၆၈ ကျပ်သားအားအမြတ်ယူရောင်းချမှုစိစစ်တွေ့ရှိရကြောင်း စစ်ကော်မရှင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၂၀၂၄ ခုနှစ်တွင် ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန်နောက်ကွယ်ကနေလုပ်ဆောင်သည်ဟုဆိုကာ အောင်သမာဓိရွှေဆိုင်၊ အကယ်ဒမီရွှေသန့်စင်လုပ်ငန်း၊ ဇွဲထက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင်များအပါအဝင် လုပ်ငန်းရှင် ၁၀ ဦးကိုဖမ်းဆီးနိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကော်မရှင်ထုတ်ပြန်ခဲ့သည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်