ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများသည် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒအပေါ် ပုံမှန်မဟုတ်သည့် ခြိမ်းခြောက်မှုများ ဆက်လက်ရှိနေဆဲဖြစ်သဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် “အမျိုးသားအရေးပေါ်အခြေအနေ” (National Emergency) ကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးမြှင့်လိုက်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုများကို အမေရိကန်အစိုးရက အနီးကပ် စောင့်ကြည့်နေကြောင်းနှင့် အကြမ်းဖက်မှုများ လျော့ကျစေရန်၊ နိုင်ငံရေးတည်ငြိမ်မှု တိုးမြင့်လာစေရန်အတွက် ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန် တိုက်တွန်းနေကြောင်း ဖော်ပြထားသည်။

“မြန်မာနိုင်ငံအတွင်းနဲ့ မြန်မာနိုင်ငံပတ်သက်လို့ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့် လေ့လာနေပါတယ်။ အကြမ်းဖက်မှုတွေကိုလျှော့ချကာ နိုင်ငံရေးတည်ငြိမ်မှုတိုးမြှင့်နိုင်ရေးအတွက် ပဋိပက္ခ ဖြစ်ပွားနေတဲ့ အဖွဲ့အစည်းတွေအကြား တွေ့ဆုံမှုကို အားပေးတိုက်တွန်းနေပြီး သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံလျက်ရှိတယ်” ဟု ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ သက်တမ်းတိုးမြှင့်လိုက်ခြင်းသည် စစ်ကော်မရှင်က ပြုလုပ်ခဲ့သည့် အတုအယောင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အစိုးရနှင့် အမေရိကန်တို့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်သွားမည်ကို စိုးရိမ်နေကြသူများအတွက် အဖြေတစ်ခု ဖြစ်လာခဲ့သည်။

အမေရိကန်လွှတ်တော်အမတ် မစ်ချန်မက်ကွန်နယ် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ တစိုက်မတ်မတ် ကြိုးပမ်းမှုများကြောင့် ယခုကဲ့သို့ ပြတ်သားသည့် ရပ်တည်ချက် ထွက်ပေါ် လာခြင်း ဖြစ်ကြောင်း မြန်မာ့အရေး လှုပ်ရှားသူ ဦးဂျိမ်းရွှေက ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

အဆိုပါ အမျိုးသားအရေးပေါ်အခြေအနေ အက်ဥပဒေပုဒ်မကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၆ ခုနှစ်တွင်လည်း ထပ်မံသက်တမ်းတိုး ခံရခြင်းဖြစ်သည်။

ယခုကဲ့သို့ လက်မှတ်ရေးထိုက်ခြင်းဖြင့် အမေရိကန်သည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲနောက်ပိုင်း တရားဝင်မှုရရှိရေး ကြိုးပမ်းချက်များကို အသိအမှတ်မပြုကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

ဓာတ်ပုံ – white house