ဧရာဝတီတိုင်းမ်
(မော်ချီး)၊ ဖေဖော်ဝါရီ ၆ ရက်

ကရင်နီပြည်နယ်၊ ဘော်လခဲမြို့နယ်၊ မော်ချီးဒေသကို ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့၊ နံနက်အစောပိုင်းတွင် စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် မော်ချီး‌ဒေသရှိ လိုလော်ထီးရွာကိုလေကြောင်းမှ ဗုံးကြဲချခဲ့ရာ အသက် (၇၄) နှစ်အရွယ် အဖွားအိုတစ်ဦးသေဆုံးခဲ့ပြီး ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် အသက် ၃၀နှစ် ရှိ အမျိုးသမီးတစ်ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ငါး လုံးပျက်စီးခဲ့ကြောင်း သိရသည်။

“ဇန်နဝါရီလ ၃၀ရက်နေ့လည်းဗုံးကြဲသေးတယ်။ မော်ချီးမှာ ခုနောက်ပိုင်းက ကျေးရွာလူထုကို ပိုပြီး ပစ်မှတ်ထားကြဲလာတယ်” ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည်ပြီးခဲ့သည့် ဇန်နဝါရီတစ်လတာအတွင်း ကရင်နီဒေသ၌ လေကြောင်းတိုက်ခိုက်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ၂၅ ကြိမ်အထိပြုလုပ်ခဲ့ပြီး အရပ်သား လေး ဦးသေဆုံးခဲ့ကာ ၁၅ ဦးအထိဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။

စစ်ကော်မရှင်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မော်ချီးဒေသကို မကြာခဏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်၍ အရပ်သား ငါး ဦးနှင့်အထက်သေဆုံးခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)