နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်

 

အာဏာသိမ်း ငါး နှစ်အကြာတွင် စစ်ရေးနှင့် နိုင်ငံရေးအရ အကျပ်အတည်း ဆိုက်နေသည့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လက် လွှတ်ဆုံးရှုံးထားသော နယ်မြေများ ပြန်လည်ရရှိရေးနှင့် အမေရိကန်၏ မြန်မာ့အရေး ပါဝင်ပတ်သက်မှုများကို တန်ပြန်ရန် ရုရှားနိုင်ငံနှင့် ပူးပေါင်းမှု တိုးမြှင့်လုပ်ဆောင်လာကြောင်း သိရသည်။

 

နေပြည်တော်သို့ ရောက်ရှိနေသည့် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရွှိုင်းဂူနှင့်အဖွဲ့သည် စစ်ခေါင်းဆောင်အပါအဝင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး၊ ကာကွယ်ရေးဝန်ကြီးတို့နှင့် တွေ့ဆုံ ခဲ့ပြီး နှစ်နိုင်ငံ ငါးနှစ်သက်တမ်းရှိ စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှု သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

 

ယင်းတွေ့ဆုံမှုတွင် အမေရိကန်နိုင်ငံကို ရည်ညွှန်းကာ ပူးပေါင်းတန်ပြန်သွားရန်နှင့် စစ်ဘက်နည်း ပညာများ ပံ့ပိုးကူညီပေးရန် ဆွေးနွေးခဲ့ကြကြောင်း နှစ်ဖက်ထုတ်ပြန်ချက်များအရ သိရသည်။

စစ်ကော်မရှင်သည် အိမ်နီးချင်း တရုတ်နိုင်ငံကို မလွန်ဆန်နိုင်၍သာ ဆက်ဆံနေရသော်လည်း လက်တွေ့တွင် ရုရှားနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှုများကို ပိုမိုလိုလားနေသဖြင့် တော်လှန်ရေးအင်အားစုများအနေဖြင့် စောင့်ကြည့်ပြင်ဆင်ရန် လိုအပ်ကြောင်း CDM အရာရှိများက ထောက်ပြသည်။

 

“တော်လှန်ရေး အင်အားစုတွေအနေနဲ့ စစ်ကောင်စီ(စစ်ကော်မရှင်)ရဲ့ ပြောင်းလဲတိုးတက်လာနိုင်တဲ့ စစ်ရေးအနေအထားတွေကို လေ့လာစောင့်ကြည့်ပြီး လို အပ်တာတွေ ပြင်ဆင်နိုင်ဖို့ သတိပြုကြဖို့ လိုမယ်လို့ ရှုမြင်မိပါတယ်” ဟု CDM ဗိုလ်မှူးနောင်ရိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ တွေ့ဆုံမှုများအတွင်း နှစ်နိုင်ငံအကြား ငါးနှစ်သက်တမ်းရှိ စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှုများ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး အမေရိကန်နိုင်ငံအား ရည်ညွှန်းကာ ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းတန်ပြန်သွားရန်နှင့် ပံ့ပိုးကူညီပေးရန် ဆွေးနွေးခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

 

လက်ရှိ အမေရိကန်နိုင်ငံ၏ မြန်မာ့အရေး မူဝါဒသည် ပြောင်းလဲမှုများရှိပြီး ကျားဖြန့် (ခ) အွန်လိုင်းလိမ်လည်ဂိုဏ်းနှင့် ကြီးထွားလာသော မူးယစ်ဆေးဝါး ကိစ္စရပ်တို့အပေါ် ပိုမို အာရုံစိုက်လာသောကြောင့် စစ်ကော်မရှင်အနေဖြင့် အယောင်ပြ ဖမ်းဆီးမှုများလုပ်ဆောင်ပြနေကြောင်း လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ထောက်ပြသည်။

“ဒါတွေက အမေရိကန်ကို ကြောက်လို့ ကြိုကာထားတဲ့ သဘောတွေပေါ့။ အဲဒီအတွက် သူက ထပ်ပြီးတော့ ရုရှားနဲ့ သဘောတူညီမှုတွေ ထပ်ယူတဲ့ ပုံစံမျိုးပါပဲ။ ဒါပေမယ့် ရုရှားကလည်း သူ့အကျိုး စီးပွားမှာ မဟာမိတ်ကောင်း ပီသတယ်ဆိုတဲ့ သမိုင်းတော့ သိပ်မရှိခဲ့ဘူး” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ဆက်လက်ပြောသည်။

 

ဆာဂေးရွှိုင်းဂူသည် မြန်မာနိုင်ငံသို့ မလာရောက်မီ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ပေကျင်းတွင် တွေ့ဆုံခဲ့ပြီးနောက် ရုရှားသတင်းဌာန TASS နှင့် အင်တာဗျူးရာတွင် အမေရိကန်နှင့် အနောက် အုပ်စုသည် တရုတ်၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖြတ်တောက်ရန် ကြိုးပမ်းနေကြောင်း စွပ်စွဲ ပြောဆိုခဲ့သည်။

 

၎င်းတို့နှစ်ဖက် ဆွေးနွေးမှုတွင် လုံခြုံရေးအေဂျင်စီများအကြား ပူးပေါင်းရန်၊ ဆိုက်ဘာနှင့် သတင်း အချက်အလက် လုံခြုံရေး၊ နျူကလီးယားနည်းပညာနှင့် လေ့ကျင့်သင်ကြားရေး ကဏ္ဍများ ပါဝင် ကြောင်း သိရသည်။

 

“နျူကလီးယား စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ဆိုတာ ညှိနှိုင်းထားတာရှိတော့ ဒီလုပ်ငန်းတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ နည်းပညာတွေ၊ လေ့ကျင့်သင်ကြားပေးဖို့နဲ့ အကောင်အထည်ဖော်မှုဆိုင်ရာ ကဏ္ဍမှာ သူတို့ပူးပေါင်းမှုတွေ စတင်နိုင်ဖို့ ပြင်ဆင်တာတွေ ရှိလာနိုင်တယ်” ဟု CDM ဗိုလ်မှူး နောင်ရိုးက သုံးသပ်ပြောဆိုသည်။

 

စစ်ကော်မရှင်သည် ၎င်းတို့ကို အထိနာစစ်ရှုံးစေသည့် ရှမ်းပြည်(မြောက်ပိုင်း) ၁၀၂၇ စစ်ဆင်ရေးအလွန် တရုတ်၊ ရုရှားနိုင်ငံတို့၏ အကူအညီဖြင့် ဒေသတချို့ ပြန်လည်ရရှိသကဲ့သို့ လူထုလက်မခံသည့် တစ်ဖတ်သတ် ရွေးကောက်ပွဲကိုလည်း ယင်းနိုင်ငံများကြောင့်သာ ဟန်ပြပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

“တရုတ်က ကိုင်ထားတဲ့ အညှာတွေ အများကြီးရှိတယ်။ ဒါကြောင့် သူမချစ်သော်လည်း အောင့်ကာ နမ်းနေရတဲ့ အနေအထား။ သူက ရုရှားကို အရမ်းသဘောကျတာ၊ ဒါကြောင့်မို့ သူ့လူတွေကို ရုရှားဆီပဲ အဓိကလွှတ်တယ်” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဆိုသည်။

 

နိုင်ငံတစ်ဝန်း စိုးမိုးထိန်းချုပ်နိုင်ရန်နှင့် ခုခံတော်လှန်မှုများကြောင့် စစ်ကော် မရှင်အနေဖြင့် ၎င်းတို့ လက်လွှတ်ထားရသော နယ်မြေ‌ဒေသများကို ပြန်လည်ရရှိစေရန်အတွက် လေယာဉ်၊ စစ်လက်နက် ပစ္စည်း၊ ဒရုန်းအပါအဝင် စစ်ဘက်နှင့် ထောက်လှမ်းရေး နည်းပညာများ ရုရှားနိုင်ငံမှ တိုးမြှင့် ရယူလျက်ရှိသည်။

 

ဓာတ်ပုံ-MOI